ကချင်နှင့် ရှမ်းမြောက်ရှိ တပ်စခန်း ၂ ခုမှ ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီ ဝန်ခံ

By 001(မဇ္စျိမ)
21 October 2023
ကချင်နှင့် ရှမ်းမြောက်ရှိ တပ်စခန်း ၂ ခုမှ ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီ ဝန်ခံ

ကချင်လွတ်‌ေမြာက်ရေးတပ်မတော် (KIA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခုမှဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် ဝန်ခံခဲ့သည်။

တပ်စခန်း လက်လွှတ်ရကြောင်း စစ်ကောင်စီက ဝန်ခံခဲ့ခြင်းမှာ ရှားပါးဖြစ်စဉ် ဖြစ်သည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ လဲလုံစခန်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်စခန်းတို့အား KIA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ လဲလုံစခန်းအား KIA တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့မှစပြီး အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ်တိုင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က အမြောက်နှင့် လေကြောင်းပစ်ကူများ သုံးပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း  အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စခန်းအား လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ကွတ်စခန်းကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် KIAတပ်မဟာ(၆ )လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက နေရာ သုံး နေရာမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် စခန်းအား သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်လာမှုကြောင့် KIA တပ်မဟာ (၆) နေရာအား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတခုအား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ထို တိုက်ခိုက်မှုတွင် KIA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ စခန်းနှစ်ခုကို KIA ကအင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေတ္တဆုတ်ခွာပေးရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားပြီး လက်ရှိတွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းပြီး စခန်းများအား အမြန်ဆုံး ပြန်လည်ရရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required