TikTok က ဥပဒေကို အပြည့်အဝ မလိုက်နာဟု မလေးရှား ပြော

By Market Watch
12 October 2023
TikTok က ဥပဒေကို အပြည့်အဝ မလိုက်နာဟု မလေးရှား ပြော
TikTok logo

တရုတ်ပိုင် လူမှုမီဒီယာ ပလက်ဖောင်းဖြစ်သော TikTok သည် မလေးရှား ဥပဒေအား အပြည့်အဝ လိုက်နာခြင်း မရှိဘဲ နိုင်ငံအတွင်း အသရေဖျက်မှုများနှင့် လွဲမှားစေသော အကြောင်းအရာများ ပြန့်နှံ့မှုကို ထိန်းချုပ်ဟန့်တားရေးတွင် ပို၍ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု မလေးရှားဝန်ကြီးတဦးက ကြာသပတေးနေ့တွင် ပြောသည်။ 

“TikTok ရဲ့ မလေးရှား ဥပဒေကို လေးစားလိုက်နာမှုဟာ လက်ခံလို့ မရသေးအောင် လိုနေသေးတယ်၊ ဒီ ပလက်ဖောင်းအနေနဲ့ သတင်းမှားတွေနဲ့ မတော်တဲ့ အကြောင်းအရာတွေ ပြန့်နှံမှုကို ထိန်းချုပ်ရေးမှာ ကြိုတင်လက်ဦးယူ လုပ်ဆောင်ဖို့ အတော်လေး လိုအပ်တယ်”ဟု မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖာမီဖက်ဇဲလ်က ဖေ့ဘုတ်ပို့စ်တွင် ပြောဆိုသည်။ 

မည်သည့် မလေးရှားဥပဒေကို ချိုးဖောက်ခြင်း ဆိုခြင်းကိုမူ ဝန်ကြီးက အထူးပြု မပြောဆိုပေ။ 

နိုင်ငံအတွင်း ကုမ္ပဏီ၏ လည်ပတ်မှုနှင့် ပတ်သက်ပြီး TikTok အမှုဆောင်တဦးနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပလက်ဖောင်းပေါ်မှ ကြော်ငြာများ ဝယ်ယူခြင်းနှင့် ပတ်သက်ကာ ပြည်တွင်းလုပ်ငန်းများ၊ မီဒီယာများနှင့် အစိုးရဌာနများထံမှ တိုင်ကြားချက်များအကြောင်းကိုပါ ဆွေးနွေးပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။ 

TikTok က လတ်တလော ထင်မြင်ချက်ပေးလာခြင်း မရှိသေးပေ။ 

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီပိုင် ဗီဒီယိုတိုများ တင်သည့် ပလက်ဖောင်းဖြစ်သည့် TikTok သည် လျင်မြန်စွာ ကြီးထွားလာသော အွန်လိုင်းအရောင်းအဝယ် ဝန်ဆောင်မှုနှင့်အတူ အရှေ့တောင်အာရှတွင် အထူးဂရုပြု စေ့စေ့စပ်စပ် စောင့်ကြည့်ခြင်းများနှင့် ရင်ဆိုင်နေရသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် မကြာသေးခင်က TikTok အပါအဝင် လူမှုမီဒီယာ ကုမ္ပဏီများကို ၎င်းတို့၏ ပလက်ဖောင်းပေါ်၌ ထုတ်ကုန်များ ရောင်းချခြင်းကို တားမြစ်ပြီး အသေးစားလုပ်ငန်းများကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။ 

မကြာသေးခင်က ဗီယက်နမ်နိုင်ငံသည်လည်း TikTok သည် အွန်လိုင်း အရောင်းအဝယ်၊ သတင်းလုံခြုံမှုနှင့် အခြားသော နယ်ပယ်များနှင့် ဆက်စပ်သည့် ဥပဒေများကို ချိုးဖောက်ခြင်း ရှိနေသည်ဟု ပြောဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required