မြစ်ကြီးနား - ဖားကန့် ကားလမ်းပေါ် တွင် တိုက်ပွဲဖြစ်ပွားနေ

By အဂမ် (မဇ္ဈိမ)
14 October 2023
မြစ်ကြီးနား - ဖားကန့် ကားလမ်းပေါ် တွင် တိုက်ပွဲဖြစ်ပွားနေ
ဓာတ်ပုံ- မြစ်ကြီးနား- ဖားကန့် လမ်းပိုင်းကို တွေ့ရစဉ် (ပုံဟောင်း)

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဖားကန့်  ကားလမ်းမပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တို့အကြား ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြန်ဖြစ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနား - ဖားကန့်  ကားလမ်းမပေါ်က ကားမိုင်းနှင့် နန့်ယားကြားရှိ  မအူပင်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်များက ကနဦး စစ်ရေးလှုပ်ရှားလာသည့်အတွက် ယနေ့နံနက် ၈ နာရီက စတင်ပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဆိုသည်။

လောလောဆယ်တွင် တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးဘဲ မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့ ကလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ကားမိုင်းမှ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့ရာ ယင်းစစ်ကြောင်းကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာ အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ယင်းနောက် နှစ်ဘက် စစ်ရေးတင်းမာလာသောကြောင့် တိုက်ပွဲဖြစ်သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် မြစ်ကြီးနား - ဖားကန့် ကားလမ်းမကို ပိတ်လိုက်ပြီး ယင်းနောက် ငါးရက်အကြာ ဩဂုတ်လ ၂၈ ရက်နေ့တွင် နှစ်ဘက်တပ်က လမ်းပြန်ဖွင့်ပေးခဲ့သည်။

ထို့ပြင် စက်တင်ဘာလအတွင်းကလည်း ဖားကန့်လုံးခင်းရတနာမြေအတွင်းမှာ KIA တပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

#ဖားကန့်
#မြစ်ကြီးနားကားလမ်း
#KIA
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required