စစ်ကောင်စီကို လက်နက်ရောင်းချသည့် စင်ကာပူ အစိုးရကို ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှုဖြင့် ဖိအားပေးမည်

By မဇ္ဈိမ 
23 October 2023
စစ်ကောင်စီကို လက်နက်ရောင်းချသည့် စင်ကာပူ အစိုးရကို ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှုဖြင့် ဖိအားပေးမည်

မြန်မာအကြမ်းဖက် စစ်ကောင်စီကို ရောင်းချနေတဲ့ လက်နက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များကို ပိတ်ဆို့ကန့်သတ်နိုင်ရေးအတွက် စင်ကာပူအစိုးရကို ဖိအားပေးမည့် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုများကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Blood Money- သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ လူထုလှုပ်ရှားမှုကို လာမည့် အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ အွန်လိုင်းနှင့် မြေပြင် ဟန်ချက်ညီညီလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများနှင့် မြေပြင်လှုပ်ရှားမှုများတွင် မိမိတို့တက်နိုင်သည့်အပိုင်းမှ ထိရောက်စွာပူးပေါင်းပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ခဲ့သည်။

စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်ကို တတိယအကြီးဆုံး လက်နက်ရောင်းချနေသည့် နိုင်ငံဖြစ်သည့်အပြင် ဘဏ္ဍာရေး ဗဟိုချက်လည်း ဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုသည် အဆိုပါအရင်းအမြစ်များ အသုံးပြု၍ နေ့စဉ်နှင့်အမျှဆိုသလိုပင် အရပ်သားပြည်သူများကိုသတ်ဖြတ်လျက်ရှိနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် စင်ကာပူနိုင်ငံမှ စစ်ကောင်စီအား ထောက်ပံ့နေသော လက်နက်နှင့် ငွေကြေးလမ်းကြောင်းများအား ပိတ်ဆို့နိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလည်းသက်သာလာမည်ဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

မြန်မာပြည်သူများအနေဖြင့် လက်နက်အားကိုးနေသည့် စစ်တပ်၏ သားကောင်ဖြစ်နေပြီး စစ်တပ်သည် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နေရာများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာဒေသများကိုပါ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေနိုင်ခြင်းမှာလည်း စင်္ကာပူနိုင်ငံ၏ ထောက်ပံ့ပေးနေသော ငွေကြေးနှင့် စစ်လက်နက်များကြောင့်ပင် ဖြစ်သည်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပတော်လှန်ရေး အဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် ပြည်သူလူထုတို့ စုပေါင်း၍  စင်ကာပူအစိုး ကို ဖိအားပေးရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကြမ်းဖက်စစ်တပ်မှ မတရား အာဏာလုသည့် ရက် ၁၀၀၀ ပြည့်မည့်နေ့ ဖြစ်သည့် အောက်တိုဘာ ၂၉ တွင် စင်ကာပူအစိုးရသို့ စာပို့သွားမည် ဖြစ်ပြီး ပြည်သူများအနေနှင့် လက်မှတ်ထိုး၍ ပါဝင်နိုင်မှာဖြစ်ကြောင်း အသိပေးထားသည်။ 

အကြမ်းဖက်စစ်တပ်အား လက်နက်ရောင်းချနေသော နိုင်ငံများတွင် စင်ကာပူနိုင်ငံသည် တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်း နိုင်ငံသည် ပဉ္စမအကြီးဆုံးနိုင်ငံဖြစ်သည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required