ယင်းမာပင်၊ ရေအောက်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟု ULF ထုတ်ပြန်

By လွှမ်းမိုး (မဇ္ဈိမ)
23 October 2023
ယင်းမာပင်၊ ရေအောက်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟု ULF ထုတ်ပြန်
စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာပြေးရှောင်နေရသည့် အရပ်သားများ (Photo/Cj)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ရေအောက်ကျေးရွာအနီးတွင် အင်အား ၁၈၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)က သတင်းထုတ်ပြန်သည်။

 အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီခန့်မှ စတင်ပြီး ၂နာရီခန့်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကိုULFက ယနေ့ အောက်တိုဘာလ ၂၃ရက် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ပွဲကြာချိန် ၂နာရီအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးနှင့်အထက် သေဆုံးခဲ့သည်ဟု ULF က ထုတ်ပြန်သည်။တိုက်ပွဲအတွင်း  ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်တဦး လက်မောင်း၌ ကျည် ထိမှန် ခဲ့ကြောင်း သိရသည်။စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အောက်တိုဘာလ ၁၉ရက်နေ့က တိုက်ပွဲကို ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ၊ ယင်းမာပင်ခရိုင်အတွင်း တပ်ရင်းများ ၊ Local PDF များ နှင့် ဒေသခံပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု  သိရသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်မှစတင်ကာ ယင်းမာပင်နှင့် ပုလဲမြို့နယ်ကို ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းမာပင်မြို့နယ်၊ သဲကုန်းရွာကို  အောက်တိုဘာလ ၁၅ရက်က ဝင်ရောက်စီးနင်းပြီး အလယ်တန်းကျောင်းသားသုံးဦး နှင့် ဒေသခံသုံးဦးကို သတ်ဖြတ်သွားခဲ့သည်ဟု မြို့နယ်ပကဖကတာဝန်ခံကပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ အောက်တိုဘာ ၂၃ရက် နံနက်တွင် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ကျေးရွာမှ အနောက်ဘက်ကို ဦးတည်ထွက်နေခြင်းကြောင့် ရင်ပေါင်တိုင်၊ ပုထိုးသာ ၊ ရွာသစ် ၊ ရွှေလှန် ၊ ဆင်တဲ စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း သိရပါသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly