ကော့ကရိတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ သေဆုံး၊ ၃ ဦး ဒဏ်ရာရ

By YT(မဇ္ဈိမ)
14 October 2023
ကော့ကရိတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ဓါတ်ပုံ- ဒဏ်ရာရ ကျောင်းသူတစ်ဦး (ဓါတ်ပုံ- SBM)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က (၃) စာသင်ကျောင်းရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 နေ့လယ်ကျောင်းဆင်းချိန်တွင် အ.လ.က (၃) ဝင်းကြီးကျောင်းရှေ့၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ကျောင်းရှေ့တွင် ရှိနေသည့် ကျောင်းသူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"လက်နက်ကြီး လာကျမှပဲ ကျမှန်းသိတာ၊ ဘယ်တပ်က ပစ်လဲတော့ သေချာမပြောတတ်ဘူး။ ပုံမှန် လှိုင်ဝနဲ့ ခလရ (၉၇) က ရမ်းထုနေကျဆိုတော့ အဲ့ဒီတပ်တွေကပဲဖြစ်မယ်" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည့် ကျောင်းသူမှာ လေးတန်းကျောင်းသူ မမိုးအေးဖြစ်ပြီး ဒဏ်ရာရသူများမှာ မစုရင်အေး၊ မခူခူဖောနှင့် ပထမတန်းကျောင်းသူ မဝေဝေနှင်းတို့ဖြစ်ကာ မစုရင်အေးနှင့် မဝေဝေနှင်းတို့ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

"ဒဏ်ရာရတဲ့အထဲက ကလေးနှစ်ယောက်ကတော့ အခု ဘားအံဆေးရုံမှာ" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဖြစ်ရပ် မဖြစ်ပွားမီ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်နှင့် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ခလရ (၉၇) တပ်ဝင်းထဲသို့ တော်လှန်ရေးအင်အားစုများက လက်နက်ကြီးဖြင့် နှစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

"ကလေးတစ်ယောက်သေသွားတယ်လို့ကြားတယ်။ ခလရ (၉၇) က ပစ်တာ၊ သူတို့ကိုပစ်လို့ သူတို့ဘက်က ရမ်းသန်း ပြန်ပစ်တာ" ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ခလရ (၉၇) နှင့် လှိုင်ဝ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများသည် လူထုနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်း  လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် ညပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ခလရ (၉၇)တပ် ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ မြို့တော်ဦးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly