ဘုရားကုန်းတွင် စစ်ကောင်စီတပ်က အကာအကွယ်ယူကာ စစ်စခန်းအသစ်ပြုလုပ်နေ

By သွင်ထူးဈာန်(ကော်သူးလေ)(မဇ္ဈိမ)
29 September 2023
ဘုရားကုန်းတွင် စစ်ကောင်စီတပ်က အကာအကွယ်ယူကာ စစ်စခန်းအသစ်ပြုလုပ်နေ

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီးရှိ ဇီးဖြူကုန်းဘုရားကုန်းတွင် စက်တင်ဘာ လ၂၀ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့က စစ်စခန်းအသစ် ပြုလုပ်နေကြောင်း နဂါးနီစစ်ကြောင်း၏ တာဝန်ရှိသူထံက  သိရသည်။

အာဏာသိမ်းပြီးနောက် တံခွန်တိုင်ကျေးရွာရှိ ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်နေရာယူခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

"သူတို့ ရည်ရွယ်ချက်က တံခွန်တိုင်စခန်းမကျဖို့အရေးပါ ။ ဘာကြောင့်လဲဆိုတော့ အခုက သူ့အင်အားနည်းတဲ့အတွက် ထိုးစစ်မလုပ်နိုင်ဘူး ခံစစ်ကို အသေအလဲပြင်ဆင်နေကြတယ် အဲ့သဘောပါပဲ ။ဘုရားကုန်းကိုသူတို့ အခု စစ်စခန်းအခိုင်အမာ ဆောက်နေတယ် ဆက်သွယ်ရေးမြောင်းတွေပါ တူးပြီးကုန်ပြီ"ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးကိုဟိန်းကမဇ္ဈိမကို ပြောသည်။

ခံတပ်အဖြစ် ပြုလုပ်ထားသည့်ရဲစခန်း မကျဆုံးရန်အတွက် ဇီးဖြူကုန်းဘုရားကုန်းတွင် စခန်းသစ်တခု ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းစခန်းသစ်တွင် တပ်မ(၄၄)နှင့် တပ်မ(၂၂) လက်အောက်ခံတပ်များ အခြေစိုက်နေထိုင်နေပြီး အင်အား ၁၀၀ ကျော် ရှိကြောင်း သိရသည်။

စခန်းသစ်ဆောက်လုပ်ရန်အတွက် လိုအပ်သည်များကို တောင်ကလေးကျေးရွာမှ သစ်ကားများ၊ဝါးကားများဖြင့် သယ်ဆောင်လာပြီး တောင်ကလေးကျေးရွာမှ ခလယ်ရွာကျေးရွာအထိ လမ်းတလျှောက်တွင် BGFက  လုံခြုံရေးကင်းယူပေးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

"ဇီးဖြူကုန်းမှာ စစ်စခန်းထိုင်မယ်ဆိုရင် လက်နက်ကြီးဒဏ်က ဒေသခံပြည်သူလူထုတွေအတွက်  စိန်ခေါ်မှု ပိုရှိလာနိုင်ပါတယ် ။ အခုလက်ရှိအနေအထားမှာ အဘစ်ရွာ အမတ(၃၁၈)ကနေပြီးတော့ ၁၂၂ မမ ဟောင်ဝစ်ဇာနဲ့တောင် နေ့စဉ်နေ့တိုင်း ကျေးရွာတွေထဲကို ပစ်ထည့်နေတာပါ ။ ဒါတွေက ရိုးသွားလို့ သတင်းတွေ မတက်တာပါ။  ဒီဘက်ဒေသခံတွေကတော့ လက်နက်ကြီးဒဏ်ကို ခံစားနေရတာ အတော်ကြာခဲ့ပါပြီ ။ ပြီးတော့ ဘာသာရေးအဆောက်အအုံကို ခြေကုပ်ယူပြီး စစ်စခန်းထိုင်တယ်ဆိုတော့ အဲ့ဒီကသံဃာတွေပါ မောင်းထုတ်တဲ့သဘောပါပဲ"ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးကိုဟိန်းက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ပုလိန်၊ မြို့ဟောင်း၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ နောင်းဒေ့ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်စခန်းထိုင်ထားသည့် တံခွန်တိုင်ကျေးရွာမှ ဒေသခံ ၇၀ရာခိုင်နှုန်း စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရပြီး နေရပ်ပြန်လာသည့် အရပ်သားအချို့ကို စစ်ကောင်စီတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး နှိပ်စက်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝန်းရှိ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးအချို့တွင် စစ်စခန်းများ အခိုင်အမာတည်ဆောက်၍ ခုခံစစ် ပြင်ဆင်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ၊မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဘုရားကုန်းကို  အကာအကွယ်ယူကာ စစ်စခန်းပြုလုပ်ခဲ့သည့်ဖြစ်စဥ် ရှိခဲ့ဖူးသည်။

ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ကောင်စီတပ်၊BGF ပူး‌ပေါင်းတပ်ဖွဲ့ နှင့် နဂါးနီစစ်ကြောင်း၊ SOF၊Cloud Wings Drone၊ KNLAတပ်ရင်း(၁၆)တို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

စာတည်း ။      ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly