ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး

By ဓါတု (မဇ္ဈိမ)
16 October 2023
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး
ပုံအညွှန်း- ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံ နေအိမ်ကို မီးရှို့ဖျက်ဆီးစဥ် (ဓာတ်ပုံ-ပေးပို့)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် အလုံး ၂၀ ခန့်မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှ ယနေ့ အောက်တိုဘာလ ၁၆ ရက်အထိ ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

" ဒီနေ့မနက် ရွာထဲအကုန်ပစ်တာ ဒီနေ့ငတရော်မှာလည်း မီးရှို့နေတာ။ ကမ်းနားနီးတဲ့အိမ်တွေက ဆိုင်ကယ်၊နွား၊ထော်လာဂျီ၊ ကားတွေကိုတောက်လျှောက်သယ်တာမြင်နေရတယ်"ဟုစစ်ဘေးရှောင်တဦးကမဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် လှေခုတ်၊ ဆင်တဲ ၊ခြံယာ၊ နွယ်နီ၊ ကျောက်ဖူး၊ နန်းဦး၊ ကျွန်းညိုကျေးရွာ နှင့် ငတရော် ရွာ တို့ရှိနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။ လက်ရှိ မီးရှို့ခံရသည့် နေအိမ်အရေအတွက်သည် စစ်ရှောင်များလက်လှမ်းမှီသလောက် စုဆောင်းထားသည့် စာရင်းသာဖြစ်ပြီး ကျေးရွာများသို့ ပြန်လည်နေထိုင်၍ မရသေးဘဲ စစ်ဘေးရှောင်နေဆဲဖြစ်၍ မြေပြင်တွင် အရေအတွက် ပိုများနိုင်ကြောင်း ဒေသခံများကဆိုသည်။

ယနေ့တွင် ငတရောရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တလုံးကို မီးရှို့သွားကြောင်း ဒေသခံ တဦးကပြောသည်။

“ ငတရောရွာက မီးဝင်ရှို့ခံရတာ ဒီနေ့နဲ့ဆို နှစ်ကြိမ်မြောက်ပါ “ ဟု ၎င်းကဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် နံနက် ၄ နာရီဝန်းကျင်မှစ၍ ယနေ့ နေ့လယ် ၂ နာရီအထိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း၊ နေအိမ်ပျက်ဆီးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။

"သူတို့စစ်ကြောင်းတွေ တရွာပြီး တရွာထိုးနေတော့ စစ်ဘေးရှောင်တွေက သောင်းဂဏန်းလောက်ဖြစ်သွားပြီ ။ အထိုင်ချမဟုတ်ဘဲ သူတို့(စစ်တပ်)လာတာနဲ့ ခဏခဏပြေးနေရတော့ တရွေ့ရွေ့ရှောင်နေရတာ ကွင်းပြင်မှာဆိုတော့ မိုးရွာတဲ့ဒဏ်ဆက်တိုက်ခံနေရတော့မိုးမိပြီး ဖျားနာတာတွေများလာတယ် ကလေးတွေများတယ် "ဟုစစ်ဘေးရှောင်တစ်ဦးကမဇ္စျိမကိုပြောသည်။

မြစ်ကမ်းနားနီးသည့်ကျေးရွာများမှ ပစ္စည်းများကိုလည်း ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့စက်လှေများဖြင့်နေ့စဥ်သယ်ဆောင်သွားကြောင်းစစ်ဘေးရှောင်ဒေသခံများကပြောသည်။

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က စတင်စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ယနေ့ အောက်တိုဘာလ ၁၆ ရက်အထိ နေ့စဥ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံအညွှန်း- ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံ နေအိမ်ကို မီးရှို့ဖျက်ဆီးစဥ် (ဓာတ်ပုံ-ပေးပို့)

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ရေလယ်ကျွန်းဒေသ

#စစ်ကြောင်းထိုး

ဓါတ်ပုံ- ရေလယ်ကျွန်းရှိစစ်ဘေးရှောင်ဒေသခံများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required