မုန်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

By YT(မဇ္ဈိမ)
07 October 2023
မုန်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူအမျိုးသမီးနှင့် ဒဏ်ရာရ ဒေသခံတစ်ဦးပုံ (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီးတဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၅ ရက် နှင့် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

“ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ ဒါ အနိမ့်ဆုံးပေါ့နော်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် အမှတ်(၅၉၉) နှင့် (၅၉၀) တပ်ရင်း တပ်စခန်းများဘက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသည့် ဒေသခံများ ရှိနေသည်ဟု ဒေသခံထံက သိရသည်။

အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အဆိုပါ ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ်ရှိ ဒေါ်ဝင်းမြင့် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကာ အသက် ၅၀ အရွယ်ရှိ ဒေါ်မြင့်စန်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဖော်ပြထားသည်။

ထို့အတူ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း မုန်းမြို့နယ်၊ ငတိုးခင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ ဦးဇော်မင်းနှင့် အသက် ကိုးနှစ်အရွယ်ရှိ နော်နီလာထွေး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNU နယ်မြေများအတွင်းရှိ ပြည်သူလူထုများသည် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU က ဆိုထားသည်။

“သုံးနေတဲ့ လက်နက်၊ ခဲ၊ ယမ်းဆိုတာတွေ၊ သူတို့အသုံးပြုနေတာတွေကလည်း ပြည်သူတွေဆီကနေ ရထားတာတွေချည်းပဲလေ။ ဒါကြောင့်မို့ ပြည်သူ့ဆီက ရလာတဲ့ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ဘက်ကို ပြန်ပြီးခြိမ်းခြောက်တာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်က မဇ္ဈိမကိုပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၈၈ ဦး သေဆုံး၍ ၃၄၂ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ခဲ့သည့် “အာဏာဟန်ချက် အပြောင်းအလဲ- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း" အမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့်ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း KPSN၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly