စွန့်ပစ်ပစ္စည်းမှ ချမ်းသာ ကြွယ်ဝမှုသို့ ပြောင်းလဲသည့် အိန္ဒိယ၏ ဆောင်ရွက်ချက်များ အောင်မြင်နေ 

By Times of Oman
08 October 2023
စွန့်ပစ်ပစ္စည်းမှ ချမ်းသာ ကြွယ်ဝမှုသို့ ပြောင်းလဲသည့် အိန္ဒိယ၏ ဆောင်ရွက်ချက်များ အောင်မြင်နေ 

အိန္ဒိယတွင် ဒေသအသီးသီးရှိ စွန့်ပစ်ပစ္စည်းများကို ပြန်လည် ပြုပြင်သော စက်မှုလုပ်ငန်းသည် ‌ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိသော လုပ်ငန်းအဖြစ် ကြီးထွားလာသည်။ မိုရာဒါဘက် မြို့ သည် ဆားကစ်ဘုတ်များ (PCBs) မှ သတ္တုများကို ထုတ်ယူရာတွင် အထူးကျွမ်းကျင်ပြီး ပိန့်ပတ် မြို့ သည် polyethylene terephthalate (PET) ကို ချည်မျှင်အဖြစ်သို့ ပြောင်းလဲပေးသည့် အဓိက မြို့ ဖြစ်လာသည်။ အုန်းခွံ၊ ဆံပင်နှင့် စွန့်ပစ်ထားသော တာယာများ ကိုပင် ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းအဖြစ် ပြောင်းလည်း နိုင်သကဲ့သို့ ပလတ်စတစ်များကိုလည်း ဆန်းသစ်သော နည်းလမ်းများဖြင့် လမ်းများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ အဖြစ် ပြန်လည်အသုံးပြုလာကြသည်။ 

စွန့်ပစ်ပစ္စည်းမျိုးဆက် နှင့် စိန်ခေါ်မှုများ  

၂၀၂၁ တွင် အိန္ဒိယသည် နှစ်စဉ် စွန့်ပစ်ပစ္စည်းတန်ချိန် သန်း ၉၆၀ ကို စီမံခန့်ခွဲရန် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ခေတ်မီနည်းပညာသုံး စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးဆိုင်ရာ အဖြေရှာမှုများ နှင့်အတူ တရားမဝင် အမှိုက်ပုံကြီးများနှင့် လမ်းမများပေါ် စည်းကမ်းမဲ့ အမှိုက် မီးရှို့ဖျက်ဆီးမှုများသည် ခက်ခဲသော အခြေအနေတစ်ရပ်အဖြစ် ထင်ရှားသည်။ 

အစိုင်အခဲ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုမှုနှုန်းမှာ အလွန် နည်းပါးနေသေးသည်။ ယင်းစွန့်ပစ်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်း ခန့်သည် အမှိုက်ပုံကြီးများတွင် စုပုံနေကြောင်း Central Pollution Control Board က ထုတ်ပြန်ပြီး သောက်သုံးရေ အရင်းအမြစ်အတွက် သိသိသာသာ ခြိမ်းခြောက်မှု ဖြစ်စေသော စွန့်ပစ်ပစ္စည်း အများစုကို ဥပဒေ၊ စည်းမျဉ်းများ၏ အပြင်မှ အလွတ်သဘော ပြန်လည်အသုံးပြုရန် လည်ပတ်ခဲ့ကြသည်။ အိန္ဒိယသည် နှစ်စဉ် အစိုင်အခဲ စွန့်ပစ်ပစ္စည်း တန်ချိန်  ၆၂ သန်းကို စည်ပင်သာယာမှ လည်ပတ်နေရသည်။ အဆိုပါအရေအတွက်သည် ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၁၆၅ သန်းအထိ ၃ ဆနီးပါးရှိလာနိုင်ပြီး ၂၀၄၅ ခုနှစ်တွင် တန်ချိန် ၄၅၀ သန်းအထိ မြင့်တက်လာနိုင်သည်။ 

စည်ပင်အဖွဲ့အစည်းများ၏  ရုန်းကန်နေရခြင်းများ 

စွန့်ပစ်အမှိုက်များကို ပြန်လည်အသုံးပြုခြင်းဆိုင်ရာ ကြိုးပမ်းမှုကို မြို့ကြီးများတွင် အဓိကထား လုပ်ဆောင်နေကြသော်လည်း အဆိုပါဒေသများတွင်ပင် စွန့်ပစ်ပစ္စည်း စုဆောင်းခြင်းနှင့် ပြန်လည် အသုံးပြုခြင်း လုပ်ငန်းစဉ်များ ဟန်ချက်မညီ သောကြောင့် အခက်အခဲ ဖြစ်ရသည်။ ရံပုံငွေ မလုံလောက်ခြင်းကလည်း စုဆောင်းထားသော စွန့်ပစ်ပစ္စည်း များကို ထိထိရောက်ရောက် စီမံဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့ကို အဟန့်အတား ဖြစ်စေသည်။ အသုံးစရိတ်၏ ၃ ပုံ ၂ ပုံ ကို စွန့်ပစ်ပစ္စည်း စုဆောင်းခြင်းအတွက် ခွဲဝေပေးထား ကြောင်း အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီးဌာန က ဆိုသည်။ 

စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် စွန့်ပစ်ပစ္စည်း ကဏ္ဍတွင် စီးပွားရေး အလားအလာ ကောင်းများကို မြင်တွေ့သည်။ အစိုင်အခဲ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းနှင့် အထူးသဖြင့် ခြောက်သွေ့သော စွန့်ပစ်ပစ္စည်း အပိုင်းအစများကို ပြန်လည် အသုံးချခြင်းသည် အမျိုးမျိုးသော စီးပွားရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးပြီး အမှိုက်ပုံများတွင် စုပုံနေခြင်းကို လျှော့ချပေးသည်။ အိန္ဒိယသည် ၂၀၅၀ ခုနှစ်တွင် စွန့်ပစ်အမှိုက်မှ စွမ်းအင် ၃ ဂဂ္ဂါဝပ် ခန့် ထုတ်လုပ်နိုင်သည့် စွန့်ပစ်စပစ္စည်း မီးရှို့ ဖျက်ဆီးသည့် စက်ရုံပေါင်း ၁၀၀ ခန့် တည်ဆောက်ရန် စီစဉ်နေသည်။ 

 

အလွတ်သဘော လုပ်ဆောင်ချက်များ၏ အရေးကြီးသော အခန်းကဏ္ဍ 

စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးပြုခြင်းတွင် စက္ကူပြန်လည် အသုံးပြုမှု ၃၀ ရာခိုင်နှုန်းအောက်၊ ပလတ်စတစ် ၆၀ ရာခိုင်နှုန်း ဝန်းကျင် နှင့် သတ္တုပြန်လည် အသုံးပြုမှုမှာ ၂၀ ရာခိုင်နှုန်း နှင့် ၂၅ ရာခိုင်နှုန်း ကြားတွင် ရှိနေသည်။ 

အဆိုပါ ကိန်းဂဏန်းများသည် ခန့်မှန်းချက်များသာ ဖြစ်ပြီး အတည်ပြုရန် ခက်ခဲသည်။ ယင်း မသေချာမှုသည် အလွတ်သဘော ကဏ္ဍမှ စွန့်ပစ်ပစ္စည်း အများအပြားကို စုဆောင်းပြီး ပြန်လည် အသုံးပြုခြင်းကြောင့် ဖြစ်ကြောင်း ISWA မှ နည်းပညာ ဒါရိုက်တာ အဒစ်ရာမိုလာ က ဆိုသည်။ အိန္ဒိယ၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်တွင် စုဆောင်းသူများ အားလုံး ထိရောက်စွာ ပေါင်းစည်း လုပ်ဆောင်နိုင်ခြင်းသည် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ ဒေသအများအပြားတွင် စွန့်ပစ်ပစ္စည်း စုဆောင်းခြင်းနှင့် ပြန်လည် အသုံးပြုခြင်းအတွက် တရားဝင် ဌာနများ နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကြောင့် ခက်ခဲနေရပြီး ယင်း တို့သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ 

မွမ်ဘိုင်းမြို့ရှိ ဒါရာဘီ ခရိုင်သည် အာရှ၏ ဒုတိယအကြီးဆုံး ဆင်းရဲသားရပ်ကွက်အဖြစ် ကျော်ကြားသည်။ ယင်းနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နေသော လုပ်ငန်း အများအပြား ရှိသည်။ အဆိုပါ ဂေဟစနစ် လည်ပတ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ သန်းခန့် တန်ဖိုးရှိသော စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန် လုပ်ငန်းလက်ခံထားသော အသေးစား စွန့်ဦးတီထွင်သူ ၁၅၀၀၀ ခန့်၏ ကြိုးပမ်းမှုများကို သက်သေပြနေသည်။ 

၎င်းတို့၏ စုပေါင်းကြိုးပမ်းမှုများသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုရုံသာမက စွန့်ပစ်ပစ္စည်း စုဆောင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် နေ့စဉ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသော လုပ်သားအင်အား ၂၅၀၀၀၀ ခန့်အတွက် အကျိုးရှိသော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီး‌ပေးသည်။ 

အိန္ဒိယသည် စွန့်ပစ်ပစ္စည်းများ စုဆောင်းခြင်းနှင့် ပြန်လည်အသုံးပြုခြင်း စက်မှုဆိုင်ရာ စနစ်များ တိုးတက်နေစဉ်တွင် Ramky Enviro Engineers Limited ကဲ့သို့သော ကုမ္ပဏီများသည် များပြားလှသော စွန့်ပစ်ပစ္စည်းများမှ ထုတ်ကုန်များ ထုတ်လုပ်နိုင်စွမ်းရှိပြီ ဖြစ်သည်။ Ramky ကုမ္ပဏီ တစ်ခုထဲပင်လျှင် နှစ်စဉ် အမှိုက် တန်ချိန် ၆ သန်းအထိ လည်ပတ်ရန် ဆွေးနွေးနေပြီး အလားတူ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများကို အောင်မြင်စွာ တိုးချဲ့နေကြသည်။ 

 

အမှိုက်ခြောက်များ ၏ စီးပွားရေးအလားအလာ 

 

၂၀၂၁ တွင် စွန့်ပစ်အမှိုက်ခြောက်များကို ပြန်လည်အသုံးပြုခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ရူပီး ၁၁၈၃၆ ကုဋေရှိကြောင်း အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီးဌာန က ထုတ်ပြန်သည်။ ထို့ပြင် အမှိုက်အစိုများကို မြေဆွေးအဖြစ်သို့ ဇီဝ ဓာတ်ငွေ့ အသွင်ပြောင်းခြင်းဖြင့် နှစ်စဉ် ဝင်ငွေ ရူပီး ကုဋေ ၂၀၀၀ ရနိုင်သည်။ အလားတူ ဆောက်လုပ်ရေးနှင့် စွန့်ပစ်အမှိုက်များမှ ရူပီး ၄၁၆ ကုဋေ၊ စွန့်ပစ်မြေဆွေးမှ ကုဋေ ၆၅၇၀ နှင့် နှစ်စဉ် စွန့်ပစ်ရေမှ ရူပီး ၃၂၈၅ ကုဋေ ရှာဖွေပေးနိုင်သည်။ 

 

ပလတ်စတစ်ညစ်ညမ်းမှု 

၂၀၂၅ ခုနှစ်တွင် PET ပြန်လည်အသုံးပြုခြင်း နှင့် ပြန်လည် ရယူမှုနှုန်းကို ၁၀၀ ရာခိုင်နှုန်း ရရှိရန် ရည်ရွယ်သည့် စွန့်ပစ်ပစ္စည်းများ အသုံးချမှုကို မြှင့်တင်ရန် ဥပဒေပြုရေးအစီအမံများ လုပ်ဆောင်နေသည်။ အိန္ဒိယသည် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများထက် တစ်ဦးချင်း ပလတ်စတစ်သုံးစွဲမှု နည်းပါးသော်လည်း PET နှင့် အခြားပလတ်စတစ်များကို စီမံခန့်ခွဲရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယသည် နိုင်ငံ အရွယ်အစား ကြီးမားသော ကြောင့် ကမ္ဘာပေါ်ရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှု ထိပ်တန်း ၅ နိုင်ငံစာရင်းတွင် ပါဝင်သည်။ 

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပလတ်စတစ်ကို ပြန်လည်အသုံးပြုလုပ်ငန်း လုပ်ကိုင်သူ ၃၀၀၀၀ ခန့်ရှိပြီး အဓိကအားဖြင့် အသေးစားလုပ်ငန်းများအဖြစ် လုပ်ကိုင်လျက်ရှိသည်။ သို့သော် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အမှိုက်ပုံများတွင် စုံပုံနေကြဆဲဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ ပလက်စတစ်အမှိုက်များကို  လမ်းများနှင့် အခြား ဆောက်လုပ်ရေးသုံးပစ္စည်းများ ဆောက်လုပ်ရာတွင် ပြန်လည် အသုံးပြုခြင်းသည် ဖြေရှင်းနည်း တစ်ခု ဖြစ်သည်။ ၂၀၂၁ တွင် ထူးထူးခြားခြား ကီလိုမီတာ ၇၀၀ အကွာရှိ သော အဝေးပြေးလမ်းမကြီးကို ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ တည်ဆောက်ခဲ့သည်။  

ပလတ်စတစ်ပြဿနာ ပြင်းထန်မှုကို သတိပြုကြရန်ရည်ရွယ်၍ ဝန်ကြီးချုပ် မိုဒီက နိုင်ငံသားများအား ပလတ်စတစ်သုံးစွဲမှု လျှော့ချရန်နှင့် အထူးသဖြင့် အိန္ဒိယရိုးရာအရုပ်များ ထုတ်လုပ်ရာတွင် သစ်ကဲ့သို့ ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများကို ရွေးချယ်ရန် နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။ 

 

စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပါမှု 

 

စွန့်ပစ်ပစ္စည်းများကို သင့်လျော်သလို ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုသည် တစ်ကိုယ်ရေသန့်ရှင်းမှု၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွက် အရေးပါသည်။ စွန့်ပစ်ပစ္စည်းများသည် စွမ်းအင်ထုတ်လုပ်ရာ၌ အထောက်အကူ ဖြစ်စေရန် အလားအလာရှိသည်။ အိန္ဒိယတွင် နှစ်စဉ် စွန့်ပစ်ပစ္စည်း တန်ချိန် ၆၂ သန်းခန့် ထွက်ရှိ၍ ပျမ်းမျှ တိုးနှုန်း ၄ ရာခိုင်နှုန်း ရှိကြောင်း သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန်သည်။ 

လက်ရှိတွင် အိန္ဒိယသည် အစိုင်အခဲ စွန့်ပစ်ပစ္စည်း မက်ထရစ်တန် ၇၀ သန်း ထွက်နေပြီး ၂၀ ရာခိုင်နှုန်းသာ ပြန်လည် အသုံးပြုလျက်ရှိသည်။ စွန့်ပစ်ပစ္စည်း အများစုသည် အမှိုက်ပုံများနှင့် သမုဒ္ဒရာများ သို့ ရောက်ရှိ၍ လူသားများနှင့် ရေနေသတ္တဝါများ အပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ထို့ကြောင့် အိန္ဒိယတွင် ထိရောက်သော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်တစ်ခု လိုအပ်နေပြီး ၎င်းသည် ဒေါ်လာ ၁၅ ဘီလီယံရှိသော စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။  

 

စွန့်ပစ်ပစ္စည်းများကို အမျိုးအစား ခွဲခြား၍ ထိရောက်စွာ စီမံခန့်ခွဲ၍ ပြန်လည် အသုံးပြုရာမှ အကျိုးအမြတ်များသည့် ဝင်ငွေအရင်းအမြစ် ဖြစ်လာနိုင်သည်။ လျှပ်စစ် နှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် ပြည်လည်အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ ဖြစ်ပြီး အိန္ဒိယ၏ အရေးပါသော ဝင်ငွေရလမ်း ကဏ္ဍ ဖြစ်သည်။ 

အဖိုးတန်လျှပ်စစ်စွန့်ပစ်ပစ္စည်းများ 

ဒေလီမြို့မှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ရှိသော မိုရာဒါဘက် မြို့ ၏ အဓိက စီးပွားရေးသည် စွန့်ပစ်ထားသော အီလက်ထရွန်နစ်ပစ္စည်းများကို ပြန်လည် အသုံးပြုနိုင်အောင် စီမံခြင်းဖြစ်သည်။ အဆိုပါ ဒေသတွင် ရွှေနှင့် အခြားသတ္တုမျိုးစုံကို ထုတ်ယူကြရာမှ ထွက်ပေါ်လာသည့် စွန့်ပစ်ပစ္စည်း PCBs များမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရွှေများကို ထုတ်ယူနိုင်ကြောင်း အကြံပြုထားသည်။ နိုင်ငံ၏ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ တရားဝင်လမ်းကြောင်းများမှ တစ်ဆင့် စီမံဆောင်ရွက်နေပြီး ကျန်အရာများကို အလွတ်သဘော ပြန်လည် ထုတ်ယူနေကြသည်။ 

 

သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ 

သတ္တုများကို ပြီးစလွယ်ထုတ်ယူခြင်းသည် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်။ အက်ဆစ်ထုတ်ယူခြင်းနှင့် ကေဘယ်ကြိုးမီးရှို့ခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် နည်းလမ်းများမှ အဆိပ်အတောက်များ ထွက်လာသည်။ အိန္ဒိယသည် စက်ကိရိယာများတွင် အသုံးပြုသည့် သတ္တု ၁၄ မျိုးအနက် ၈ မျိုးကို တင်သွင်းသည်။ 

အဆိုပါ သတ္တုများကို ထုတ်ယူခြင်းသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်သည်။ လျှပ်စစ်စွန့်ပစ်ပစ္စည်းများကို တရားဝင် စုဆောင်းခြင်းနှင့် ပြန်လည် အသုံးပြုခြင်းသည် အလုပ်သမားများစွာကို အကျိုးရှိစေမည်ဖြစ်သည်။ နယူးဒေလီ တွင် အလုပ်သမား ၁ ဒသမ ၅ သိန်းဖြင့် လျှပ်စစ်စွန့်ပစ်ပစ္စည်း ယူနစ် ၃,၄၀၀ ကျော် ထုတ်လုပ်နေသည်။ အိန္ဒိယသည် လျှပ်စစ်စွန့်ပစ်ပစ္စည်း တန်ချိန် ၁ ဒသမ ၆ သိန်း ထုတ်လုပ်သော်လည်း ၃၃ ရာခိုင်နှုန်းကိုသာ စီမံခန့်ခွဲနိုင်သည်။ လျှပ်စစ်စွန့်ပစ်ပစ္စည်း နှင့် ဘက်ထရီပြန်လည်အသုံးပြုခြင်းကဏ္ဍသည် ၂၀၃၀ တွင် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ တန်ကြေးရှိလာနိုင်သည်။ 

အိန္ဒိယ၏ စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုရေး လှုပ်ရှားမှု သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်တစ်ခုသာမက စီးပွားရေး  သာယာဝပြောရေး လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ 

အိန္ဒိယသည် စွန့်ပစ်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ပြန်လည်အသုံးပြုမှုနှုန်း နည်းပါးခြင်းတို့ကြောင့် စိန်ခေါ်မှုများ ရှိနေသော်လည်း  သိသာထင်ရှားသော တိုးတက်မှုများ ရှိသည်။ အမြော်အမြင်ရှိသော စွန့်ဦးတီထွင်သူများနှင့် စက်မှုလုပ်ငန်းကြီးများသည် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးနေချိန်တွင် အလွတ်သဘော ကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ 

လျှပ်စစ်စွန့်ပစ်ပစ္စည်း နှင့် ပလက်စတစ် အမှိုက်များကို ပြန်လည်အသုံးပြုခြင်းဖြင့် ချမ်းသာကြွယ်ဝမှု ကို ဖန်တီးနိုင်သော အလားအလာ ကြီးမားသည်။ အိန္ဒိယသည် စွန့်ပစ်ပစ္စည်းများ ကို ရတနာအဖြစ် ပြောင်းလဲ၍ ရေရှည်တည်တံ့သော အနာဂတ်ကို ပံ့ပိုးပေးခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို သယံဇာတအဖြစ် ရှုမြင်လာနိုင်သည်နှင့် အမျှ ချမ်းသာကြွယ်ဝမှု ဖြစ်နိုင်ခြေမှာ အကန့်အသတ်မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required