ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက ကြွေးမြီထောင်ချောက် သံတမန်ရေးနှင့် ပထဝီနိုင်ငံရေးဝှက်ဖဲများကို ဖော်ပြနေ

By Bangla Version)-
13 October 2023
ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက ကြွေးမြီထောင်ချောက် သံတမန်ရေးနှင့် ပထဝီနိုင်ငံရေးဝှက်ဖဲများကို ဖော်ပြနေ

တရုတ်နိုင်ငံသည် ၎င်း၏ အထင်ကရ စီမံကိန်းဖြစ်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောင်မြင်မှုရရှိရန် ကြိုးပမ်းနေသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိသည်။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုသို့ တိုးမြှင့်လာခြင်းဖြစ်သည်။ အာရှတိုက်နှင့် ၎င်းပြင်ပသို့ လွှမ်းမိုးချဲ့ထွင်လိုသည့် ဒီဇိုင်းပုံစံတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)မှာ အဓိကနည်းလမ်းတစ်ခုဖြစ်ပြီး မဟာအင်အားကြီးနိုင်ငံအဆင့် ရရှိရေး ၎င်း၏ ကစားကွက်တွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံများသည် နယ်ရုပ်တစ်ခုသာ ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စွမ်းအင်ဆိုင်ရာ အမှီအခိုကင်းရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစသည့် အစီအမံများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်အား ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန် ကူညီပေးမည်ဟု ကတိပြုထားသည့် နားလည်မှုစာချွန်လွှာ(MoU)ကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အကူအညီနှင့် ရန်ပုံငွေများ လိုအပ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များ နောက်ပြန်ဆွဲမှု၊ အကျင့်ပျက်ခြစားမှုနှင့် အဖွဲ့အစည်းဆိုင်ရာအားနည်းမှုများအပေါ် စိုးရိမ်မှုများကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ကဲ့သို့သော အနောက်တိုင်း အလှူရှင်နိုင်ငံများက အကူအညီများ မပေးတော့သည့်အတွက် တရုတ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အား အဆိုပါ ဟာကွက်မှတစ်ဆင့် ၎င်း၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)နှင့် သီရိလင်္ကာ၊ ပါကစ္စတန်နှင့် အာဖရိကနိုင်ငံအများအပြား အပါအဝင် အခြားနိုင်ငံများကို သိမ်းသွင်းခဲ့သည့် ၎င်း၏ ကြွေးမြီထောင်ချောက် ကစားကွက်အတွင်း အမိအရ သွတ်သွင်းရန် အခွင့်အရေး ရရှိသွားခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒေါ်လာ ၂၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိပ်တန်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ယခုအချိန်ထိ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလှူဌာန၊ အထည်ချုပ်နှင့် ကုန်ထုတ်လုပ်မှုအပါအဝင် ကဏ္ဍများစွာ၌ ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ စိုးရိမ်မှုများ စတင်ပေါ်ပေါက်လာနေသည်။ ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တရုတ်၏ အကြွေးထောင်ချောက်ကို သတိထားကြရန် ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး မူစတာဖာ ကာမာလ်က ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ကမ္ဘာကို သတိပေးခဲ့သည်။ နဂိုကတည်းက ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြည့်နှက်နေပြီးသားသည်။ ဥပမာအားဖြင့် တံတား ၂၁ စင်းနှင့် အဝေးပြေးလမ်း ၁၁ ခု၊ ရထားလိုင်း ၇ လိုင်းနှင့် စွမ်းအင်နှင့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၂၇ ခု ကျော်မှာ တရုတ်နိုင်ငံက တည်ဆောက်ပေးထားခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဓာတ်ငွေ့စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ရန်တာဝန်ရှိသော ဓာတ်ငွေ့လုပ်ကွက် ၃ ခုကိုလည်း တရုတ်ကုမ္ပဏီများက ရရှိထားပြီးဖြစ်သည်။ တရုတ်စတော့အိတ်ချိန်းများ ဖြစ်သော ရှန်ဟိုင်းနှင့်ရှန်ကျန်း နှစ်ခုစလုံးသည် ဒါကာစတော့အိတ်ချိန်းတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရယူထားသည်။ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်အပေါ် တရုတ်၏ ချုပ်ကိုင်မှုများ တိုးမြှင့်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းဆိုင်ရာ တရုတ်၏ ကစားကွက်ကို နားလည်ထားရမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံအလိုက် ကုန်သွယ်ရေး မူဝါဒကြောင့် ထင်ရှားသည်။ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)သည် ဘင်္ဂလားဒေ့ရှ်တွင် သိသာထင်ရှားစွာ လှုပ်ရှားနေပြီး ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းနှင့် နယ်မြေကျူးကျော်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသည်။ အရေးပါသောကဏ္ဍများတွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများသည် သီရိလင်္ကာနှင့် ပါကစ္စတန်တို့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ချဉ်းကပ်နည်းနှင့် တူညီနေသည့်အတွက် အထူး သတိထားရမည် ဖြစ်သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်၏ ကြီးမားသော ပထဝီဝင်နိုင်ငံရေးမဟာဗျူဟာတွင် အသုံးချခံဖြစ်လာမည့်အရေးကို သတိရှိရှိ ရှောင်ရှားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly