နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေ 

နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေ 

နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ၂၀၂၃ခုနှစ် ပထမ ၈ လတွင် တရုတ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြနေသည်။  

၂၀၂၃ ခုနှစ် ပထမ ၈ လတွင် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နှစ်အလိုက်နှိုင်းယှဉ်ပါက ယွမ် ၈၄၇ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံ) ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။  

အမေရိကန် ဒေါ်လာဖြင့် ကိန်းဂဏန်းများကို ထုတ်ပြန်ခြင်းမပြုသည့် ဝန်ကြီးဌာနက ယင်းကျဆင်းမှုသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထမှု နှေးကွေးခြင်းနှင့် ၂၀၂၂ခုနှစ်တွင် ရှယ်ယာဈေးများအမြင့်ဈေးဖြင့် တန့်နေမှုများကြောင့် ဖြစ်ကြောင်းပြောကြားခဲ့သည်။  

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အမေရိကန်ငွေချေးစာချုပ်များ ဝယ်ယူမှုသည် ၂၀၂၂ခုနှစ်ကထက် ၉ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁၁၁ ဒသမ ၈ ဘီလီယံ ကျဆင်းသွားခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက စျေးကွက် အပြုအမူတစ်ခုဖြစ်ပြီး အချိန်အခါအလိုက် အတက်အကျတွေက ပုံမှန်ပါပဲ။ အတိုင်းအတာနဲ့ ဖွဲ့စည်းပုံအပြင် လက်ရှိနဲ့ ရေရှည်ကို ကြည့်ဖို့ လိုပါတယ်” ဟု ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ဇန်နဝါရီလမှ သြဂုတ်လအထိ နှစ်အလိုက်နှိုင်းယှဉ်ပါက ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး နည်းပညာမြင့်ကုန် ထုတ်လုပ်ငန်းများတွင် ၁၉ ဒသမ ၇ ရာခိုင်နှုန်း တိုးလာသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးတက်လျက်ရှိကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းကာလအတွင်း နိုင်ငံတစ်ဝန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၃၃,၁၅၄ ခု ရှိခဲ့ပြီး ၂၀၂၂ခု နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း တိုးလာကာ ကိန်းဂဏန်းများက တရုတ်တွင် ရေရှည် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုရှိကြောင်းကို ထင်ဟပ်နေကြောင်း တာဝန်ရှိသူက ပြောကြားသည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် တရုတ်အစိုးရက အကြိမ်ကြိမ် ကတိပြုခဲ့သော်လည်း ပြည်ပနိုင်ငံများသည် အရှေ့တောင် အာရှတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြသည်။
နယ်စပ်ဖြတ်ကျော်အချက်အလက်စီးဆင်းမှု ကန့်သတ်ချက်များ၊ သူလျှိုမှု ဆန့်ကျင်ရေး ဥပဒေသစ်နှင့် စီးပွားရေးဆိုင်ရာ ယုံကြည်မှုကို ပျက်ပြားစေသည့် အမေရိကန် အတိုင်ပင်ခံလုပ်ငန်းများကို စုံစမ်း စစ်ဆေး မှုများ ဆက်တိုက်ပြုလုပ်ခြင်းကို တရုတ်စီးပွားရေး လော်ဘီအဖွဲ့များက စိုးရိမ်ပူပန်နေကြသည်။ 

အဆိုပါ လုပ်ငန်းစဉ်သည် တရုတ်နိုင်ငံ၏ ပို့ကုန်များအပေါ် ထိခိုက်စေခဲ့ပုံရသည်။ တရားဝင်အကောက်ခွန် အချက်အလက်များအရ နိုင်ငံခြားကုန်ထုတ်လုပ်သူများ၏ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ပထမ ၇ လတွင် နှစ်အလိုက်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပို့ကုန်အားလုံးတွင် ၉ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့သည်။ 

“အရင်တုန်းက၊ ပထဝီဝင်နိုင်ငံရေးရဲ့ သက်ရောက်မှုက လက်ရှိစီးပွားရေးထက် အနာဂတ်စီးပွားရေးအပေါ် ပိုမိုသက်ရောက်မှုရှိပါတယ်” ဟု Nomura မှ တရုတ်စီးပွားရေးပညာရှင်အကြီးအကဲ လူထင်းက စက်တင်ဘာ လအစောပိုင်းတွင် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

“ဒါပေမယ့် ဒီနှစ်မှာတော့ လူတိုင်းက ဒါရဲ့ အကျိုးသက်ရောက်မှုကို ခံစားနေကြရပါပြီ” ဟု ၎င်းက ပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly