ဖိလစ်ပိုင်နှင့် ပြဿနာကြား၌ အမေရိကန် ပါဝင်ခွင့် မရှိဟု တရုတ် ပြော 

ဖိလစ်ပိုင်နှင့် ပြဿနာကြား၌ အမေရိကန် ပါဝင်ခွင့် မရှိဟု တရုတ် ပြော 
Photo: AFP

တရုတ်နှင့် ဖိလစ်ပိုင်ကြားက ပြဿနာများတွင် အမေရိကန်အနေဖြင့် ပါဝင်ပိုင်ခွင့် မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အရေးမှာ မပါရှိဘူး၊ တရုတ်နဲ့ ဖိလစ်ပိုင်ကြားက ပြဿနာမှာ ပါဝင်ဖို့လည်း အခွင့်မရှိဘူး”ဟု ဖိလစ်ပိုင်အား ကာကွယ်မည်ဆိုသည့် အမေရိကန်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းသည်ကို ဝန်ကြီးဌာနက ပြောခွင့်ရသူ မော်နင်းက ဖြေဆိုခြင်း ဖြစ်သည်။ 

“ဖိလစ်ပိုင်ကို ကာကွယ်ပါမယ်ဆိုပြီး အမေရိကန်ရဲ့ ကတိစကားဟာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အချုပ်အခြာနဲ့ ရေပြင်အကျိုးစီးပွားကို မထိခိုက်စေရမှာ ဖြစ်တယ်၊ ဖိလစ်ပိုင်ရဲ့ တရားမဝင် ပိုင်ဆိုင်ကြောင်း အတည်ပြုပြောဆိုချက်တွေကို အားပေးအားမြှောက် ပြုရာ မရောက်စေဖို့ လိုတယ်”ဟု မော်က ဆိုသည်။ 

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အပြုအမူများက “အန္တရာယ်ရှိပြီး ဥပဒေမဲ့နေကြောင်း” စွပ်စွဲချက်များ ထွက်ပေါ်လာသည့်နောက် ဖိလစ်ပိုင်အား ကာကွယ်ရေး အမေရိကန်၏ ကတိကဝတ်များသည် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်သည်ဟု အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“ဖိလစ်ပိုင် လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ လက်နက်ကိုင် တပ်တွေကို ဘယ်လို တိုက်ခိုက်မှုမျိုးမဆိုဟာ ဖိလစ်ပိုင်နဲ့ ကျွန်တော်တို့ရဲ့ အပြန်အလှန် ကာကွယ်ရေး ပဋိညာဉ်ကို ထိပါးတာပဲ”ဟု ဩစတြေးလျ ဝန်ကြီးချုပ်နှင့် ပူးတွဲတွေ့ဆုံမှုအတွင်း ဘိုင်ဒင်က မှတ်ချက်ပြုခဲ့သည်။ 

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် မကြာသေးခင်က တောင်တရုတ်ပင်လယ်၌ ဘေးမကင်းသည့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး အများစုမှာ စပတ်တလေးကျွန်းစုများ၏ ဝန်းကျင် အငြင်းပွား ရေပိုင်နက်၌ ဖြစ်သည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရုတ်ရေယာဉ်တစင်းနှင့် ဖိလစ်ပိုင် စက်လှေတစင်းတို့ တိုက်မိခဲ့ရာ ဖိလစ်ပိုင်က တရုတ်ရေယာဉ်သည် “အန္တရာယ်ရှိသော ပိတ်ဆို့မောင်းနှင်မှု”ကို လုပ်ဆောင်ခဲ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required