တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုများအား တားဆီးပေးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဝီဂါများ တိုက်တွန်း

By Beijing Bulletin :-
12 October 2023
တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုများအား တားဆီးပေးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဝီဂါများ တိုက်တွန်း

တရုတ်နိုင်ငံက ရှင်ကျန်းပြည်နယ်တွင် ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တူရကီနိုင်ငံရောက် ဝီဂါများက ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အဆိုပါချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ကြောင်း Amnesty International ၏ အစီရင်ခံစာသစ်တွင် အတည်ပြုထားသည်ဟု Daily Asian Age သတင်းတွင် ဖော်ပြထားသည်။

အဝေးရောက် အရှေ့တာကစ္စတန်အစိုးရက (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အဖွဲ့ဝင်နိုင်ငံများထံသို့ အရေးပေါ်အသနားခံစာ တင်သွင်းခဲ့ပြီး ဝီဂါ၊ ကာဇက်ခ်၊ ကာဂျစ်နှင့် အခြား တာ့ခ်လူမျိုးများအပေါ် တရုတ်နိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်နိုင်ရေးအတွက် ပြတ်ပြတ်သားသား ချက်ခြင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။

“အရှေ့တာကစ္စတန်တွင် ဆက်လက်ဖြစ်ပေါ်နေသည့် တရုတ်၏ လူမျိုးတုန်းသတ်ဖြတ်မှုများသည် မိမိတို့ ခေတ်ကာလတွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟု ဆိုနိုင်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အသံတိတ်နေခြင်းနှင့် အရေးယူဆောင်ရွက်မှု မရှိခြင်းတို့သည် ဝီဂါများကိုသာမက လူသားတို့၏ အသိတရားကိုပါ သစ္စာဖောက်ခြင်းဖြစ်သည်” ဟု အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ သမ္မတ ဂူလမ်ယာ့ဂ်မာက အလေးထား ပြောကြားခဲ့ကြောင်း Daily Asian Age သတင်းတွင် ဖော်ပြထားသည်။

အရှေ့တာကစ္စတန်တွင် ၂၀၁၄ ခုနှစ်မှစတင်၍ တရုတ်က ကျူးလွန်လျက်ရှိသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ဝီဂါနှင့် အခြား တာ့ခ်လူမျိုး ၃ သန်းကျော်အား ချွေးတပ်စခန်းများ၊ အကျဉ်းထောင်များနှင့် အလုပ်ကြမ်းစခန်းများပါဝင်သည့် ကွန်ရက်တွင် အစုလိုက် အပြုံလိုက် ချုပ်နှောင်ထားခြင်း ပါဝင်သည်။

တရုတ်နိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုတွင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊  သားကြောဖြတ်ခြင်း၊ ယဉ်ကျေးမှုကို ဖျက်စီးခြင်း၊ လူမျိုးရေးအရ ဝါးမြိုရန် ကြိုးပမ်းခြင်း၊ ဝီဂါကလေးငယ် ၁ သန်းနီးပါးကို ၎င်းတို့၏ မိသားစုများနှင့် ခွဲထားခြင်း၊ အဓမ္မမှုကျူးလွန်ရန် အစိုးရက ခွင့်ပြုထားခြင်းနှင့် ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်ခြင်းများအထိ ပါဝင်ကြောင်း ဂူလမ်ယာ့ဂ်မာ၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ကနေဒါ၊ နယ်သာလန်၊ ယူကေ၊ လစ်သူယေးနီးယား၊ ချက်နှင့် ပြင်သစ်နိုင်ငံတို့အပါအဝင် အနောက်နိုင်ငံအများအပြားက တရုတ်နိုင်ငံ၏ လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ထားသည်။ အဆိုပါ ရာဇဝတ်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခြင်းအား ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာက ပိုမိုခိုင်မာလာစေကြောင်း Daily Asian Age သတင်းတွင် ဖော်ပြထားသည်။

တိဗက်နှင့် မွန်ဂိုတို့ကဲ့သို့ပင် ဝီဂါလူမျိုးများသည် ၎င်းတို့၏ အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အမှန်တကယ် ရရှိခဲ့ဖူးခြင်း မရှိဘဲ အရေးပါသော ဆုံးဖြတ်ချက်ချပိုင်ခွင့်အားလုံးမှာ တရုတ်အရာရှိများ၏ လက်ထဲတွင်သာ ရှိသည်။ အမှန်တကယ်လုပ်ပိုင်ခွင့်အာဏာကို တရုတ်အရာရှိများက ချုပ်ကိုင်ထားသည့်အတွက် ဒေသဆိုင်ရာ ဉက္ကဋ္ဌအပါအဝင် အစိုးရတွင် တာဝန်ယူထားသည့် ဝီဂါအကြီးအကဲများသည် ရုပ်ပြသက်သက်သာဖြစ်ကြောင်း Daily Asian Age သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required