ဘန်ကောက်၌ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းမည်ဟု ထိုင်းအစိုးရ ကတိပေး

ဘန်ကောက်၌ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းမည်ဟု ထိုင်းအစိုးရ ကတိပေး
Photo-AFP

ရာသီလိုက် မြူဆိုင်းခြင်း မတိုင်ခင် ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အရေးယူဆောင်ရွက်မည်ဟု ထိုင်းတာဝန်ရှိသူများက သောကြာနေ့တွင် ကတိပြုသော်လည်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက အာဏာပိုင်များ သို့မဟုတ် ပူနွေးလေထုတို့ကို အပြစ်ဆိုသည်။

ဘန်ကောက်သည် ကမ္ဘာတွင် လေထုညစ်ညမ်းမှု အများဆုံး၌ သောကြာနေ့က ၁၀ နိုင်ငံမြောက်အဖြစ် ရှိခဲ့ကြောင်း လေထုအရည်အသွေး စောင့်ကြည့်သည့်ကုမ္ပဏီ (IQAir) အရ သိရသည်။

လေထုညစ်ညမ်းမှု ရုတ်ခြည်း ထိုးတက်ခြင်းသည် လေထုအခြေအနေကြောင့် ဖြစ်ပြီး လေအေး၊ လေဖိအားများခြင်းနှင့် ခြောက်သွေ့ရာသီတို့အားဖြင့် အမှုန်အမွှားများ စုဆောင်းမိခြင်းကြောင့် ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။

ခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်သော အမှုန်အမွှား လေထုအတွင်း ပါဝင်မှုနှုန်း PM2.5 မြင့်တက်ခြင်းကြောင့် အစိုးရအနေဖြင့် ခုခံအားနည်းသော ပြည်သူအုပ်စုများသို့ သတိပေးချက် ထုတ်ရသည်။

“လေထုအရည်အသွေးနဲ့ ဘေးကင်းရေးဟာ အရေးပေါ် ဦးစားပေး ဖြစ်ပါတယ်”ဟု အစိုးရ ထုတ်ပြန်ချက်တရပ်၌ အလေးထား ဖော်ပြသည်။

PM2.5 နှုန်းထား ကောင်းမွန်ရေးအတွက် ကောက်ပဲသီးနှံများ မီးရှို့သည့် ဧရိယာများကို ကန့်သတ်ခြင်း၊ အများပြည်သူနှင့် ပုဂ္ဂိလကကဏ္ဍကြား စည်းမျဉ်းများ ထားရှိခြင်း၊ စောင့်ကြည့်နေရာများ တိုးချခြင်းနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းခြင်းများကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သွားရန် တာဝန်ရှိသူများက ကတိပြုထားသည်။

သို့ရာတွင် ပြဿနာ၏ အဓိကဖြစ်သော စက်မှုလုပ်ငန်းကို အစိုးရက မျက်ကွယ်ပြုထားသည်ဟု သဘာဝပတ်ဝန်းကျင်အုပ်စုများက စွပ်စွဲကြသည်။

“ကျွန်တော်တို့အနေနဲ့ အနာရှိတဲ့ နေရာကို ဆေးစည်းရမှာ ဖြစ်တယ်”ဟု Greenpeace Thailand မှ လေထုညစ်ညမ်းမှု တက်ကြွလှုပ်ရှားသူ အယ်လီယာ မွန်းအော့က အေအက်ဖ်ပီသို့ ပြောသည်။

“အချို့ သုတေသနစာတမ်းတွေက ထောက်ပြနေတာက စက်မှုလုပ်ငန်းဆောင်တာတွေဟာ PM2.5 ရဲ့ ရာနှုန်း အများအပြားကို ဖြစ်စေတာလို့ ဆိုတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဒီအကြောင့် အချက်အလက် အနည်းငယ်ပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရကမူ စက်မှုကဏ္ဍသည် ဆောင်းလများ၌ နိုင်ငံတွင် ပုံမှန် ဖြစ်ပေါ်လေရှိသော မွန်းကျပ်စေသည့် မြူဖုံးခြင်း၏ လေးရာခိုင်နှုန်းသာ ရှိသည်ဟု ပြောသည်။

ယင်းအစား အိမ်နီးချင်း နိုင်ငံများ အပါအဝင် ရာသီလိုက် တောင်သူများ၏ မီးရှို့ခြင်းကဲ့သို့ အကြောင်းအချက်များကို အပြစ်ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly