မော်လမြိုင်မှ ကိုလိုနီခေတ်အမျိုးသားအထက်တန်း ကျောင်း မီးထပ်လောင်

By ဂျူချန်း(မဇ္ဈိမ)
25 October 2023
မော်လမြိုင်မှ ကိုလိုနီခေတ်အမျိုးသားအထက်တန်း ကျောင်း မီးထပ်လောင်
ပုံအညွှန်း- ဦးသာညှင်းဓမ္မာရုံ မီးလောင်ကျွမ်းနေစဉ် (ပေးပို့)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းလမ်းရှိ ကိုလိုနီခေတ် ပထမဆုံးအမျိုးသားအထက်တန်းကျောင်းဟု လူသိများသည့်  အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်သည်  ယနေ့ နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ဦးသာညှင်းဓမ္မာရုံသည် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၃နာရီ ၁၅ မိနစ်ခန့် တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဟု ဒေသခံများနှင့် ကျောင်းသားဟောင်းများထံမှ သိရသည်။မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပြင် ပေါင်၊ မုတ္တမ၊ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်များမှ မီးသတ်ရေသယ်ယာဉ်များ၊နယ်မြေခံ ပရဟိတအဖွဲ့များက
စုပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅နာရီကျော်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကိုလိုနီခေတ်လက်ရာဖြစ်သည့် ဦးသာညှင်းဓမ္မာရုံအဆောင်နှင့် ကွန်ပျူတာအဆောင်(ကျောင်းစာကြည့်တိုက်) တို့ ပျက်စီးခဲ့သည်ဟု  ကျောင်းသားဟောင်းများက ပြောသည်။

“ဓမ္မာရုံနဲ့ စာကြည့်တိုက်ပါသွားတယ်။ ဓမ္မာရုံက အထင်ကရ ဓမ္မာရုံပဲ။ အထက(၉)ဆိုတာနဲ့ ဦးသာညှင်း ဓမ္မာရုံကို တွဲပြီး မြင်ကြတာပဲလေ။ အဲ့ဒီ ဓမ္မာရုံကြီးပါသွားတယ်” ဟု ကျောင်းသားဟောင်းတဦးက မဇ္ဈိမကိုပြောသည်။

မီးလောင်ရခြင်း၏ အဓိက အကြောင်းအရင်းကို မသိရသေးပေ။ဦးသာညှင်းကျောင်းဆောင်သည်  ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း ဝါယာရှော့ခ်ကြောင့် မီးလောင်ခဲ့သေးသည်။ ပထမအကြိမ် မီးလောင်ခဲ့သည့် ဦးသာညှင်းကျောင်းဆောင်ကို ၁၉၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ယခု မီးလောင်ပျက်စီးသွားသည့် ဦးသာညှင်းဓမ္မာရုံကို ၁၉၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ပထမတကြိမ်က မီးလောင်ပျက်စီးခဲ့သည့် ဦးသာညှင်းကျောင်းဆောင်ကို ပြန်လည်ပြုပြင်ရာတွင် ကျောင်းဆောင်တခုလုံးကို ပြန်ဖြိုပြီး တည်ဆောက်ခြင်းမျိုးမဟုတ်ဘဲ မီးလောင်ကျွမ်းမှုမှ ကျန်နေသည့် အဆောက်အဦအောက်ထပ်အုတ်နံရံအပေါ်မှ ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။

အမှတ်(၉) မော်လမြိုင် အထက်တန်းကျောင်းသည် ကိုလိုနီခေတ်ကတည်းက ရှင်မဟာဗုဒ္ဓဃောသကျောင်း အမျိုးသားအထက်တန်းကျောင်းအဖြစ် တည်ထောင်ခဲ့ပြီး မီးလောင်ခဲ့သည့် ကျောင်းဆောင်နှစ်ခုသည်  နှစ်ပေါင်း ၁၁၀သက်တမ်းရှိသည့် မြို့အမွေအနှစ်များဖြစ်ကြောင်း သိရသည်။

“ ကျန်တာတွေက အဆောင်သစ်တွေဆိုတော့ ကိုလိုနီခေတ်လက်ရာ ကုန်သွားပြီလို့ ပြောလို့ရတယ်။ သမိုင်းတခု ပြီးသွားသလို ခံစားရတယ်” ဟုကျောင်းသားဟောင်းတဦးက ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly