မလေးရှားတွင် လေထုအရည်အသွေး ဆိုးဝါး၍ စာသင်ကျောင်းများ ပိတ်ရနိုင်

By The Diplomat
04 October 2023
မလေးရှားတွင် လေထုအရည်အသွေး ဆိုးဝါး၍ စာသင်ကျောင်းများ ပိတ်ရနိုင်
မလေးရှားနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျောင်းတွေ ပိတ်ထားရ ။ photo - AFP

ယာမြေ မီးရှို့ခြင်းများမှ အဆိပ်ဖြစ် မီးခိုးများကြောင့် မလေးရှားနိုင်ငံ၏ နယ်မြေတော်တော်များများတွင် လေထုအရည်အသွေး ယိုယွင်းဆိုးဝါးနေရာ အစိုးရအနေဖြင့် စာသင်ကျောင်းများ ပိတ်ရန်နှင့် အခြား လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ပြင်ဆင်လျက် ရှိနေကြောင်း ထိပ်တန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

နိုင်ငံ၏ နယ်မြေ ၁၁ ခုတွင် လေထုအရည်အသွေးအညွှန်းကိန်း API သည် ကျန်းမာရေးနှင့် မညီညွတ်သည့်အထိ ဖြစ်နေကြောင်း သဘာဝပတ်ဝန်းကျင်ဌာန ညွှန်ကြားရေးမှူးချုပ် ဝန်အက်ဒူလာတစ်ဝန်ဂျက်ဖာက တနင်္လာနေ့ ထုတ်ပြန်ချက်၌ ပြောသည်။

API အညွှန်းကိန်းက ၂၄ နာရီကျော်၌ ၁၅၀ ရောက်သည့်အခါတွင် တိမ်တိုက်ပျိုးပြီး မိုးရွာစေကာ လေထုကို သန့်စင်ရန်နှင့် ညစ်ညမ်းမှုအား ကိုင်တွယ်ဖြေရှင်းမည့် အခြား လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဝန်အက်ဒူလာတစ်က ပြောသည်။

ကွာလာလမ်ပူ၏ ရှိဆဲ မူဝါဒအရ API ၁၀၀ သို့ ရောက်သည့်အခါတွင် စာသင်ကျောင်းများ၌ ပြင်ပထွက် လှုပ်ရှားဆောင်ရွက်မှုများကို ရပ်နားထားရမည် ဖြစ်ပြီး ၂၀၀ သို့ ရောက်လျှင် စာသင်ကျောင်းများ ပိတ်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

သတင်းဖော်ပြချိန်အထိ မလေးရှား အနောက်ဘက် ကမ်းရိုးတန်းနှင့် ဆာရာဝတ်တို့တွင် API အညွှန်းကိန်းသည် ၁၀၀ နှင့် ၁၅၀ ကြား ရှိနေသည်။ ဆာဘတ်နှင့် အရှေ့ကမ်းရိုးတန်းများတွင်မူ အညွှန်းကိန်း ကျဆင်းသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ နယ်မြေအချို့တွင် လေထုညစ်ညမ်းမှု စံချိန်တင် နှုန်းထားမြင့်မားခဲ့သည်။ နိုင်ငံဖြတ်ကျော် မီးခိုးမြူဆိုင်းမှုသည် အရှေ့တောင်အာရှ၌ ရာသီလိုက် အကျပ်အတည်း ဖြစ်လာလျက် ရှိသည်။

ဆီအုန်း၊ ပြောင်း၊ သစ်ပျော့ဖတ်နှင့် သကြားကဲ့သို့ စိုက်ပျိုးရေး တိုးချဲ့ခြင်းများနှင့် ယာဉ်များ၊ စက်ရုံများမှ အခိုးငွေ့များ ထုတ်လွှတ်ခြင်းနှင့် ခြောက်သွေ့ရာသီ တောမီးလောင်ခြင်းများအားဖြင့် မီးခိုးမြူဖုံးမှုများ ဖြစ်ရသည်။

လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ရသကဲ့သို့ လေယာဉ်ခရီးစဉ်များလည်း ပယ်ဖျက်ရကာ ဒေသခံများ၏ ကျန်းမာရေးအပေါ်လည်း ဆိုးကျိုးပေးလျက် ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly