တောင်တရုတ်ပင်လယ်ကို ပိုင်နက်ပြုထားသော တရုတ်မြေပုံသစ်အား မလေးရှား ပယ်ချ 

တောင်တရုတ်ပင်လယ်ကို ပိုင်နက်ပြုထားသော တရုတ်မြေပုံသစ်အား မလေးရှား ပယ်ချ 
Photo-EPA

တောင်တရုတ်ပင်လယ်ရှိ မလေးရှား၏ ကမ်းရိုးတန်းအလွန်က ရေပြင်ကို ပိုင်နက်ပြုထားသော တရုတ်၏ မြေပုံသစ်ကို မလေးရှားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်ကာ ရေပိုင်နှင့် ပတ်သက်ပြီး တရုတ်၏ ငါတကော ကောမှုအပေါ် အာရှမဟာမိတ်များကြား နောက်ဆုံး စကားလုံးစစ်ပွဲ ဖြစ်ခဲ့သည်။ 

တရုတ်သည် နှစ်စဉ်ကုန်သွယ်လမ်းကြောင်း ဖြတ်သန်းမှု အမေရိကန်ဒေါ်လာ ထရီလီယံချီ ရှိနေသော တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အတည်ပြုဆိုထားသည်။ တရုတ်၏ ပိုင်နက်အတည်ပြုမှုသည် ဥပဒေ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာတရားရုံးတရုံးက စီရင်ချက် ချထားသည့်ကြားမှပဲ ဖြစ်သည်။ 

အဆိုပါ ပင်လယ်ပြင်၏ ဧရိယာများကို မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူးနိုင်းတို့ကလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားကြကာ အမေရိကန်ကလည်း နိုင်ငံတကာ ရေပိုင်နက်၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရှိသည်ဆိုလျက် ရေတပ်သင်္ဘောများ စေလွှတ်သည်။ 

ထိုပင်လယ်ပြင်၌ တဖက်သတ်အတည်ပြုခြင်း အပါအဝင် တရုတ်သည် “စံမြေပုံ” တရပ်အား ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့ရာ တရုတ်ပိုင်နက်ပြုသည့် ရေပြင်တွင် ဘော်နီယိုကျွန်း ဆာဘတ်ရှ်နှင့် ဆာရာဝတ်ပြည်နယ်များမှ ကမ်းလွန် မလေးရှား၏ အထူးစီးပွားရေးဇုန်နေရာပါ ပါဝင်သည်။ 

“တောင်တရုတ်ပင်လယ်၌ တရုတ်၏ ပိုင်နက်ပြုမှုကို မလေးရှားက အသိအမှတ်မပြုကြောင်း၊ တရုတ်၏ ၂၀၂၃ စံမြေပုံတွင် မလေးရှား ရေပိုင်နက်ဧရိယာများ ပါဝင်နေကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

တောင်တရုတ်ပင်လယ် ပြဿနာသည် “ရှုပ်ထွေးပြီး အထိမခံကြောင်း” ဖော်ပြလျက် အငြင်းပွားမှုများကို နိုင်ငံတကာ ဥပဒေတွင် အခြေတည်လျက် “ငြိမ်းချမ်းစွာ သမမျှတစွာဖြင့် ဆွေးနွေးပွဲများဖြင့်” ဖြေရှင်းသင့်ကြောင်း မလေးရှားက ဆိုသည်။ 

လက်ရှိ အရှေ့တောင်အာရှနိုင်ငံများ ဆွေးနွေးလျက် ရှိနေပြီဖြစ်သည့် ပင်လယ်ပြင်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများ ချမှတ်ရေးကို ထောက်ခံကြောင်းလည်း မလေးရှားက ပြောသည်။ 

အထူးစီးပွားရေးဇုန်ထဲ တရုတ်ရေယာဉ်များ ဝင်ရောက်လာခြင်းအတွက် မလေးရှားသည် ၂၀၂၁ ခုနှစ်က တရုတ်သံတမန်ကို သမ္မန်ဆင့်ခေါ်ဖူးသည်။ 

မကြာသေးသော နှစ်များအတွင်း တရုတ်သည် တောင်တရုတ်ပင်လယ်၌ လူလုပ်ကျွန်းများ တည်ဆောက်ပြီး အဆိုပါ စစ်ရေးအဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းများ ပါရှိသည်။ 

အခြားသော အရှေ့တောင်အာရှနိုင်ငံများကလည်း တရုတ်ရေယာဉ်များသည် ၎င်းတို့၏ ငါးဖမ်းစက်လှေများကို နှောင့်ယှက်နေကြောင်း စွပ်စွဲပြောဆိုကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly