မလေးရှား ပြည်နယ်ရွေးကောက်ပွဲများ၌ ဝန်ကြီးချုပ် အန်ဝါ၏ ညွန့်ပေါင်းအဖွဲ့က အတိုက်အခံအုပ်စု၏ စိန်ခေါ်မှုကို ဟန့်တားနိုင်ခဲ့

မလေးရှား ပြည်နယ်ရွေးကောက်ပွဲများ၌ ဝန်ကြီးချုပ် အန်ဝါ၏ ညွန့်ပေါင်းအဖွဲ့က အတိုက်အခံအုပ်စု၏ စိန်ခေါ်မှုကို ဟန့်တားနိုင်ခဲ့
Photo-AFP

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အာဏာရ ညွန့်ပေါင်းအုပ်စုသည် ကျင်းပပြီးစီးသွားသော ပြည်နယ်ရွေးကောက်ပွဲများတွင် အတိုက်အခံ မဟာမိတ်အဖွဲ့တစ်ဖွဲ့၏ စိန်ခေါ်မှုတစ်ရပ်ကို ဟန့်တားပျက်ပြားစေခဲ့ကြောင်း ဩဂုတ် ၁၃ ရက် တရားဝင်ရလဒ်များက ပြသသည်။ ယင်းကဲ့သို့ အနိုင်ရမှုက အစ္စလမ္မစ် အရှေ့တောင်အာရှ နိုင်ငံတွင် အာဏာ စုစည်းခိုင်မာစေအောင် လုပ်ဆောင်ရေး အန်ဝါအတွက် အချိန်ဆွဲထားနိုင်စေရန် ထောက်ကူလိမ့်မည် ဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

စနေနေ့တွင် ကျင်းပသည့် ပြည်နယ်ခြောက်ခု ရွေးကောက်ပွဲက အန်ဝါအတွက် လက်ရှိအချိန်အထိ အခက်ခဲဆုံးသော နိုင်ငံရေး စိန်ခေါ်မှု ဖြစ်ခဲ့သည်။ အန်ဝါသည် မပြတ်သားသော အထွေထွေ ရွေးကောက်ပွဲတစ်ရပ်အပြီး ညီညွတ်သော အစိုးရတစ်ရပ်ကို ဦးဆောင်ရန် ယမန်နှစ် နိုဝင်ဘာလက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ပြည်နယ်လွှတ်တော်အမတ်များ ရွေးကောက်ခြင်းက ပါလီမန်တွင် အန်ဝါ၏ လက်ရှိ သုံးပုံနှစ်ပုံ အများစု အနေအထားအပေါ် သက်ရောက်မည် မဟုတ်ပေ။

သို့သော် ယခု ပြည်နယ်လွှတ်တော်အမတ် ရွေးကောက်ပွဲများသည် တရုတ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိနေသည့် မလေးရှားနိုင်ငံတွင် လူနည်းစု လူမျိုးစုများကို ပိုမို ပါဝင်ခွင့်ပြုနိုင်သည့် ပိုမို၍ အားလုံးပါဝင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် တွန်းအားပေးမှု အပါအဝင် အန်ဝါအတွက် အများထောက်ခံမှုဆိုင်ရာ တိုင်းတာမှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် ရလဒ်များအရ အန်ဝါ၏ Pakatan Harapan ညွန့်ပေါင်းအဖွဲ့သည် ဆီလန်ဂေါ၊ ပီနန် နှင့် နီဂရီ ဆမ်ဘီလန် ပြည်နယ် သုံးခုတွင် ထိန်းချုပ်မှုကို ဆက်ထိန်းထားနိုင်ခဲ့ကြောင်း ပြသသည်။

အတိုက်အခံ မဟာမိတ်အုပ်စုဖြစ်သည့် Perikatan Nasional သည် ကီဒါ၊ တီရန်ဂါနူ နှင့် ကီလန်တန် ပြည်နယ်များတွင် ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။

နိုင်ငံ၏ အကြီးဆုံးသော ဆိပ်ကမ်း ရှိသည့် ဆီလန်ဂေါနှင့် နိုင်ငံ၏ ရှင်သန်နေသော semiconductor လုပ်ငန်း ရှိရာ ပီနန် တို့ကို ဆက်ထိန်းထားနိုင်ခြင်းက အန်ဝါအတွက် အထူးဆုလာဘ်များ ဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

သို့သော် ဆီလန်ဂေါ တွင် အတိုက်အခံတို့က အားကောင်းသော ချဉ်းနင်းဝင်ရောက်မှုများ လုပ်လာနိုင်ခြင်းနှင့်အတူ အာဏာရညွန့်ပေါင်းအုပ်စုသည် သုံးပုံနှစ်ပုံ အများစုအနေအထားကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required