ကမ္ဘာ့ဈေးနှုန်း ထိုးတက်မှုကြား မလေးရှား၌ ဆန်ရှားပါးမှု ကြုံ 

28 September 2023
ကမ္ဘာ့ဈေးနှုန်း ထိုးတက်မှုကြား မလေးရှား၌ ဆန်ရှားပါးမှု ကြုံ 

မလေးရှားနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် စားသုံးသူများသည် ပို၍ ဈေးချိုသော ပြည်တွင်းဆန်များကို တိုးဝှေ့ဝယ်ယူကြရသကဲ့သို့ ဈေးကြီးမြင့်သော စားနပ်ရိက္ခာ ဈေးနှုန်းကို တတ်နိုင်ဖို့အရေး အခက်အခဲတွေ့ရကာ အိမ်ထောင်စုများ၏ အသုံးစရိတ် ထောင်းလျက် ရှိသည်။ 

ပြည်တွင်းထုတ် ဆန်က ပြည်တွင်းဝယ်လိုအား၏ ၇၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းနိုင်ခြင်းနှင့်အတူ မလေးရှားအစိုးရအနေဖြင့် ပြည်တွင်း ဆန်တိုးထုတ်ရေး စီမံကိန်းများကို စတင်အကောင်အထည် ဖော်နေရပြီ ဖြစ်သည်။ 

လတ်တလောကာလ၌ စူပါမားကက်နှင့် အသေးစား ကုန်စုံဆိုင်များတွင် ပြည်တွင်းဆန်ဖြူ ၅ ကီလိုဂရမ်နှင့် ၁၀ ကီလိုဂရမ် အိတ်များ တင်သည်နှင့် ဖောက်သည်များက တက်သုတ်ရိုက် ဝယ်ယူခြင်းကြောင့် စင်များမှာ အလွတ် ဖြစ်လျက် ရှိနေသည်။ 

ပြည်တွင်းဆန်နှင့် ပြည်ပဆန်များကြား ဈေးနှုန်း ကွာဟချက် ကြီးထွားလာခြင်းကြောင့် ယခုကဲ့သို့ ရှားပါးပြတ်လပ်မှု ဖြစ်ရသည်ဟု စူပါမားကက်များအသင်း ဦးဆောင်ညွှန်ကြားရေးမှူး အလီမိုင်ဒင်က Nikkei Asia သို့ ပြောသည်။ 

“ဒီလို ဈေးနှုန်း ကွာဟချက်ကို မြင်တဲ့အခါ လူတွေက ကြောက်လန့်တကြား ဝယ်ကြတာကြောင့် ဆန်ရှားပါးမှု ဖြစ်နေတာပဲ၊ ကြောက်လန့်တကြား အလုအယက် ဝယ်တာ၊ လှောင်ထားတာတွေနဲ့ လူတိုင်းက အပိုဆောင်း ဝယ်ထားတာတွေကြောင့်ပဲ၊ လူရာဂဏန်း အနည်းငယ်လောက်ပဲ ဆန်အိတ် အပိုဆောင်း ဝယ်ရင်တောင် ဆန်တန်ချိန် တော်တော်များများ ကုန်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

မလေးရှားတွင် ပြည်တွင်းဆန်ဖြူဈေးသည် ထိန်းချုပ်မှုအောက် ရှိနေပြီး ၁၀ ကီလိုဂရမ်လျှင် ၂၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၄ ဒေါ်လာ) ဈေး ရှိသည်။ မကြာသေးခင်က ကမ္ဘာ့ဈေးနှုန်း မြင့်မတက်ခင် ကကတည်းက ပြည်ပဆန်က ပြည်တွင်းဆန်ထက် ပုံမှန် ဈေးပိုကြီးခြင်း ဖြစ်သည်။ နိုင်ငံသည် အများအားဖြင့် ဆန်ဖြူအား အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ တင်သွင်းသည်။ 

သို့ရာတွင် ဆန်ဖြန့်ဖြူးမှုကို ထိန်းချုပ်သော မလေးရှား လုပ်ငန်းစုကြီးဖြစ်သည့် Padiberas Nasional (Bernas) က မကြာသေးခင်က ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုကြောင့် တင်သွင်းဆန် လက်လီဈေးကို ၃၆ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်တွင်းဆန်နှင့် ပြည်ပတင်သွင်းဆန်ကြား ဈေးနှုန်း ကွာဟချက် သိသိသာသာ ကြီးမားသွားပြီး ဈေးချိုသော ပြည်တွင်းဆန် ဝယ်လိုအား ထိုးတက်သွားရသည်။ 

လက်ရှိ၌ တင်သွင်းဆန်ဖြူဈေးနှုန်းသည် ၁၀ ကီလိုဂရမ်လျှင် ရင်းဂစ် ၃၀ မှ ၇၀ ကြား ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required