ဘန်ကောက်ရှိ အစ္စရေးသံရုံး၌ မွတ်စလင်များ ဆန္ဒပြရန် စီစဉ် 

ဘန်ကောက်ရှိ အစ္စရေးသံရုံး၌ မွတ်စလင်များ ဆန္ဒပြရန် စီစဉ် 
ဓာတ်ပုံ- ဘန်ကောက်ရှိ အစ္စရေးသံရုံး၌ဆန္ဒပြရန် စီစဉ်နေသည့် ထိုင်းမွတ်စလင်များ

ထိုင်းနိုင်ငံ တောင်ပိုင်းက မွတ်စလင် အုပ်စုတစုသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲအပေါ် ၎င်းတို့၏ သဘောထားကို ဖော်ထုတ်ပြသရန်အတွက် မနက်ဖြန်တွင် ဘန်ကောက်ရှိ အစ္စရေးသံရုံး အပြင်ဘက်၌ စုရုံးကြရန် စီစဉ်ထားကြောင်း ကြေညာသည်။ 

သို့ရာတွင် သံရုံးသို့ ခွင့်ပြုချက် တင်ရမည်ဖြစ်သော ထိုသို့ စုရုံးမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းကြား “ငြိမ်းချမ်းရေးကို တွန်းအားပေးရန်”နှင့် နှစ်ဘက်စလုံးက ပဋိပက္ခကို အရှိန်မြှင့်ရန်အတွက် ရည်ရွယ်သည်။ 

ယခု အစီအစဉ်ကို ဖတ်သာလောင်ဒေသခံ ဘိုင်တက် ဆမန်ဆတ်သီခွန်က ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ကာ စုရုံးမှုသို့ ဘန်ကောက်ရှိ မွတ်စလင်များပါ လာရောက်ပူးပေါင်းကြမည်ဟု ဆိုသည်။ 

တောင်ပိုင်းမှ မွတ်စလင်များမှာ ဆတ်သွန်၊ ဆောင်ခလာ၊ နက်ခွန်စီသမ်မာရ်တ၊ ဖတ်သာလောင်၊ ထရန်၊ ဖူးခက်၊ ကရာဘီနှင့် ဖန်ငကဲ့သို့ ပြည်နယ်များမှ ဘတ်စ်ကားများ၊ ကိုယ်ပိုင်ကားများဖြင့် လာရောက်ကြခြင်း ဖြစ်သည်။ 

အစ္စရေးသံရုံးဆီ ခွင့်ပြုချက် တင်သကဲ့သို့ ဆန္ဒပြသူများအနေဖြင့် အကြမ်းဖက်မှုများအပေါ် ၎င်းတို့၏ အမြင်သဘောထားများအား မိန့်ခွန်းများပြောဆိုကာ ထုတ်ဖော်သွားမည်ဟုလည်း တောင်ပိုင်းမွတ်စလင်တဦးဖြစ်သည့် ဒွန်မစ်က ပြောသည်။ 

စုရုံးမှု၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသော ဂျာတူပွန် ပရွန်ပန်နှင့် နက်တီသွန်လမ်လူယာတို့လည်း ပါဝင်ကြမည် ဖြစ်သည်။ 

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အရှိန်မြင့်ခြင်းနှင့်အတူ ကမ္ဘာတဝန်းက ပြည်သူများနှင့် အဖွဲ့အစည်းများက ပါလက်စတိုင်းတို့အပေါ် သနားကရုဏာကို ဖော်ပြကြကြောင်း သတင်းရင်းမြစ်တရပ်က ပြောသည်။ တချိန်တည်းတါင် လက်ဘနွန်၊ ယီမင်နှင့် အီရတ်ကဲ့သို့ နိုင်ငံများမှ လက်နက်ကိုင် အစ္စလာမ္မစ်အုပ်စုများက စစ်ပွဲသို့ ဝင်ရန် အသင့်ရှိနေသည်ဟုလည်း ယင်း သတင်းရင်းမြစ်က ထပ်လောင်းပြောသည်။ 

စီစဉ်ထားသော စုရုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းလုံခြုံရေးတာဝန်ရှိသူများအတွက် စိတ်ကသိကအောက် ဖြစ်ရမည်ကို နားလည်ကြောင်း ထိုင်းဗဟိုအစ္စလာမ္မစ်ကောင်စီဝင် ဝီဆက်ဘင်လိတ်က ပြောသည်။ 

သို့ရာတွင် ယခု မွတ်စလင်များသည် အရပ်သားများ၊ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဂါဇာကမ်းမြောင်တွင် သေဆုံးထိခိုက်နေရခြင်းများအား ရိုးရှင်းစွာ တုံ့ပြန်ခြင်းကို အာဏာပိုင်များက နားလည်ရလိမ့်မည်ဟု ၎င်းက ဆိုသည်။ 

ဂါဇာစီးတီးရှိ အယ်လ်အလီအာရပ်ဆေးရုံတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူရာနှင့်ချီသေဆုံးခဲ့ခြင်းသည် ထိုင်းမွတ်စလင်များအတွက် ၎င်းတို့၏ အမြင်ကို ထုတ်ဖော်ပြသရန် ခံစားလာရပြီး ဟားမတ်စ်တို့ ဓားခံစာဖမ်းထားသည့် ထိုင်းနိုင်ငံသားများ အပါအဝင် အပြစ်မဲ့ပြည်သူများကို ပို၍ အကာအကွယ် ပေးရန် တောင်းဆိုဖို့ လိုအပ်လာကြောင်း ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required