လေထုအရည်အသွေး ကျဆင်းခြင်းအတွက် အင်ဒိုနီးရှားကို မလေးရှား အပြစ်တင်

By BSS News
30 September 2023
လေထုအရည်အသွေး ကျဆင်းခြင်းအတွက် အင်ဒိုနီးရှားကို မလေးရှား အပြစ်တင်
ကွာလာလမ်ပူ၊ စက်တင်ဘာ ၃၀၊ ၂၀၂၃ (BSS/AFP)

အင်ဒိုနီးရှားတွင် ဖြစ်ပွားသည့် တောမီး ရာပေါင်းများစွာကြောင့် မလေးရှားရှိ ဒေသများ၌ မီးခိုးမြူဆိုင်းခြင်း ဖြစ်ရပြီး လေထုအရည်အသွေး ဆိုးဝါးရသည်ဟု မလေးရှား ထိပ်တန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

၂၀၁၉ ခုနှစ်အတွက် မီးခိုးမြူဖုံးခြင်း ဖြစ်စေသော မီးလောင်မှုများကြောင့် မလေးရှားနိုင်ငံအနေဖြင့် နှစ်စဉ် လေထုအရည်အသွေး ဆိုးဝါးသည့် ပြဿနာကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအား ဖိအားပေးရန် ရှိနေသည်။ ထိုသို့ မီးလောင်ခြင်းများတွင် စိုက်ပျိုးမြေ ရှင်းလင်းရေးအတွက် မီးရှို့ခြင်းများလည်း ပါဝင်သည်။

ယင်းသို့သော မီးရှို့မှုများကြောင့် မလေးရှားနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းနှင့် ဘော်နီယိုကျွန်းရှိ ဆာရာဝတ်အရပ်တို့၌ လေထုအရည်အသွေး ဆိုးဝါးစေလျက် ရှိသည်ဟု မလေးရှား သဘာဝပတ်ဝန်းကျင်ဌာန ညွှန်ကြားရေးမှူးချုပ် အဒူလ် လာတစ် ဝန် ဂျာဖာက ပြောသည်။

“နိုင်ငံရဲ့ လေထုအရည်အသွေး တခုလုံးဟာ ယိုယွင်းလာတာကို ပြနေပြီ”ဟု သောကြာနေ့က ထုတ်ပြန်ချက်၌ ၎င်းက ပြောသည်။

“ဆူမတြားရယ်၊ ကာလီမန်တန် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ သစ်တောမီးရှို့မှုတွေ ဖြစ်တယ်၊ ဒါကြောင့် အင်ဒိုနီးရှားဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူဖုံးမှုကို လုပ်နေတာပဲ”ဟု သူက ဆိုသည်။

အရှေ့တောင်အာရှ၌ မီးခိုးမြူဖုံးမှုကို ခြေရာခံသော စင်ကာပူအခြေစိုက် အာဆီယံ အထူးမိုးလေဝသစင်တာ (ASMC) ၏ အစီရင်ခံစာအရ ဆူမတြားတွင် တောမီးလောင်မှု အဓိကနေရာ ၅၂ နေရာနှင့် ဘော်နီယိုကျွန်းတွင် ၂၆၄ နေရာ ရှိနေကြောင်း ယခု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထင်မြင်ချက်ပေးရန် အေအက်ဖ်ပီ၏ တောင်းဆိုမှုကို အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပေ။

အင်ဒိုနီးရှား၌ ခြောက်သွေ့ရာသီများတွင် နှစ်စဉ်နှစ်တိုင်း မီးလောင်မှုများ ဖြစ်ပွားသော်လည်း ၂၀၁၉ မှနောက်ပိုင်း အဆိုးဆုံး ဖြစ်နေပြီး ယင်းနှစ်၌ အင်ဒိုနီးရှားက မီးကြောင့် မလေးရှားနိုင်ငံတဝန်း စာသင်ကျောင်းပေါင်း ၂,၅၀၀ နီးပါး ပိတ်ခဲ့ရသည်။

အင်ဒိုနီးရှား၏ သစ်တောမီးလောင်မှု အများစုသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကြား ပိုင်းခြားထားသည့် ဆူမတြားနှင့် ဘော်နီယိုအရပ်များတွင် အများဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly