မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှု ရှိရေး အင်ဒိုနီးရှား တိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှု ရှိရေး အင်ဒိုနီးရှား တိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအုပ်စုတွင်း စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက အလေးပေး ပြောဆိုသည်။

“မြန်မာမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းလမ်းတခု ရအောင် ကျွန်မတို့ လုပ်ဆောင်နိုင်မှသာလျင် အာဆီယံအနေနဲ့ အင်ပြည့်အားပြည့်နဲ့ ရှေ့ကို ဆက်သွားနိုင်မှာ ဖြစ်တယ်” ဟု မာဆုဒီက စက်တင်ဘာ ၄ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်လှစ်စဉ် ပြောဆိုသည်။

အင်ဒိုနီးရှားသည် “တိုးတက်မှု၏ ဗဟိုချက်အဖြစ် အာဆီယံက အရေးပါသည်” ဆိုသည့် အာဘော်နှင့်အတူ ယခုနှစ် ၂၀၂၃ တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ရှိသည်။ အင်ဒိုနီးရှား ဥက္ကဋ္ဌ တာဝန်ယူမှု၏ အမြှော်အမြင်က ဒဏ်ခံနိုင်ပြီး လိုက်လျောညီထွေ ပြုပြင်နိုင်သည့် အားလုံးပါဝင်သော အာဆီယံအဖွဲ့ကို တည်ဆောက်ရေး ဖြစ်သည်။

အာဆီယံခေါင်းဆောင်များက လုပ်ပိုင်ခွင့်ပေးထားခြင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတခု ပြုလုပ်မည် ဖြစ်ပြီး ခေါင်းဆောင်များ နှိုင်းချင့်စဉ်းစားရန် အကြံပြုထောက်ခံချက်တခုကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း မာဆုဒီက ပြောသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲတွင် အကြမ်းဖက်မှုတို့ ချက်ချင်း ရပ်ဆိုင်းရေး၊ မြန်မာထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးတို့ကို တောင်းဆိုထားသည်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ငြိမ်းချမ်းရေး အစီအစဉ်တရပ်အနေဖြင့် ၂၀၂၁ ဧပြီလက အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်တို့ သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်မှုသည် လက်ရှိအချိန်အထိ တိုးတက်မှု မရှိဘဲ ဖြစ်နေခဲ့သည်။

ထို ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်အုပ်စုဘက်က ဆန္ဒမရှိဟု အာဆီယံက အကဲဖြတ်ထားသည်။

အင်ဒိုနီးရှားသည် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အားလုံး ပါဝင်‌သော တွေ့ဆုံဆွေးနွေးမှုများအတွက် လမ်းခင်းရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ စစ်ကောင်စီ၊တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ (EROs) များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူအသီးသီးနှင့် အကြိမ် ၁၁၀ ကျော် တွေ့ဆုံမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

Indonesia pushes for ASEAN unity to resolve Myanmar issue: FM
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required