လူမှုမီဒီယာပေါ်မှ ကုန်ပစ္စည်းအရောင်းအဝယ်ကို အင်ဒိုနီးရှား တားမြစ်

By Reuters
27 September 2023
လူမှုမီဒီယာပေါ်မှ ကုန်ပစ္စည်းအရောင်းအဝယ်ကို အင်ဒိုနီးရှား တားမြစ်
Photo-AFP

အင်ဒိုနီးရှားနိုင်ငံသည် လူမှုမီဒီယာပေါ်မှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု e-commerce transactions (ကုန်ပစ္စည်းအရောင်းအဝယ်) ကို တားမြစ်လိုက်ပြီ ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက စည်းမျဉ်းသစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး နိုင်ငံအတွင်း မြေပြင် ကုန်သည်များနှင့် ဈေးကွက်များကို ကာကွယ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရက ပြောပြီး လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ အမြတ်ကြီးစား ဈေးဖြတ်ခြင်းများက အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ခြိမ်းခြောက်လျက် ရှိသည်ဟု ထပ်လောင်းဆိုသည်။

ချက်ချင်း အသက်ဝင်ပြီဖြစ်သော ယခု စည်းမျဉ်းသစ်သည် “တရားပြီး မျှတမှုရှိသော” ယှဉ်ပြိုင်မှုကို ကျိန်းသေစေရန်အတွက် ရည်ရွယ်သည်ဟု ကုန်သွယ်ရေးဝန်ကြီး ဇူကီဖလီ ဟာဆန်က သတင်းထောက်များအား ပြောသည်။

“လူမှုမီဒီယာနှင့် မြေပြင်ကူးသန်းရောင်းဝယ်မှုများကို ပေါင်းစပ်၍ မရကြောင်း” ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဂျာရီ ဆမ်ဘူအက်ဂါက ယခုလအစောပိုင်းက ပြောပြီး ယင်းနှစ်ခုကြားက ပွတ်တိုက်မှုမှန်သမျှကို တားမြစ်သွားရမည် ဖြစ်ကြောင်း စိတ်ပိုင်းဖြတ် ပြောဆိုသည်။ လူမှုမီဒီယာတွင် လူများ ကုန်ပစ္စည်းများ ရောင်းချခြင်း၏ ဥပမာအဖြစ် TikToks ၏ “live” features ကို ၎င်းက အမည်တပ် ပြောဆိုသည်။

TikTok အင်ဒိုနီးရှားရုံးသို့ ဗုဒ္ဓဟူးနေ့က ထင်မြင်ချက် တောင်းရာတွင် ချက်ချင်း မတုံ့ပြန်ပေ။ TikTok Shop ပေါ်တွင် လုပ်ကိုင်နေသည့် ပြည်တွင်းအရောင်းသမား ၆ သန်းကျော်ထက်မနည်း၏ ဝမ်းရေးကို အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောခွင့်ရသူတဦးက တနင်္လာနေ့တွင် ပြောထားသည်။

အရှေ့တောင်အာရှတွင် လစဉ် TikTok သုံးစွဲသူ ၃၂၅ သန်း ရှိပြီး ယင်းအနက် ၁၂၅ သန်းမှာ အင်ဒိုနီးရှားမှဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။

TikTok ကို တရုတ်နည်းပညာကုမ္ပဏီ ByteDance က ပိုင်ဆိုင်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required