ပါလက်စတိုင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အခြေအနေ ပေးသည်နှင့် ကယ်ထုတ်မည် 

ပါလက်စတိုင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အခြေအနေ ပေးသည်နှင့် ကယ်ထုတ်မည် 
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ

ဘေးကင်းကင်းနှင့် လုပ်ဆောင်နိုင်ရန် အခြေအနေ ပေးသည်နှင့် ပါလက်စတိုင်းမှ အင်ဒိုနီးရှားနိုင်ငံသားများကို ကယ်ထုတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဗုဒ္ဓဟူးနေ့တွင် ပြောပြီး နိုင်ငံသားများ ဘေးကင်းစွာ ပြန်လာနိုင်ရေး ကျိန်းသေရန် အရေးပေါ်အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိနေသည်။ 

ကျွန်းစုနိုင်ငံ အင်ဒိုနီးရှား၏ ၎င်း၏ ပြည်သူများအား နိုင်ငံရင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး အားထုတ်မှုများသည် ဒေသတွင်း စင်ကာပူအပါအဝင် အခြားသော နိုင်ငံများနှင့်လည်း သဘောတူညီစွာ တပြိုင်တည်း လုပ်ဆောင်လျက် ရှိခြင်း ဖြစ်သည်။ စင်ကာပူသည် ၎င်း၏ နိုင်ငံသားများအား ဖြစ်နိုင်သမျှ အစ္စရေးမှ ထွက်ခွာရန် အကြံပြုထားသည်။ 

အင်ဒိုနီးရှားအနေဖြင့် ပဋိပက္ခဧရိယာအတွင်း ရှိနေသော ၎င်း၏ နိုင်ငံသား အရေအတွက်နှင့် ပတ်သက်ကာ အချက်အလက် ရှိထားပြီးကြောင်း ဂျကာတာတွင် ပြုလုပ်သည့် ကျွန်းစုနှင့် ကျွန်းနိုင်ငံများ ဖိုရမ် ပြင်ပန်းတွင် ရတ်နိုက သတင်းထောက်များအား ပြောသည်။ 

“ကယ်ထုတ်ရေး အစီအစဉ် ရှိပါတယ်၊ ဒါပေမဲ့ အခြေအနေကတော့ မပေးသေးဘူး”ဟု သူမက ပြောပြီး အင်ဒိုနီးရှားပြည်သူများကို ကယ်ထုတ်ရေး၌ နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) မှလည်း မေတ္တာရပ်ခံထားသည်ဟု ဖြည့်စွက်ပြောသည်။ 

လက်ရှိ၌ ပါလက်စတိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသား ၄၅ ဦး ရှိပြီး ၎င်းတို့အနက် ၁၀ ဦးမှာ အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပင်မပစ်မှတ်ဖြစ်သည့် ဂါဇာကမ်းမြောင်တွင် ရှိနေသည်။ 

အစ္စရေးရှိ နေရာအချို့တွင်လည်း ဘာသာရေးခရီးသွားလာသည့် အင်ဒိုနီးရှား လက်ရှိ၌ ၂၃၀ ရှိထားသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လက်ရှိ ဥက္ကဋ္ဌ ဘရာဇီးအပြင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့နှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည်ဟု ရတ်နိုက ဆိုသည်။ 

ထိုပြင် တာဝန်ရှိသူများသည် အစ္စရေး၌ သံရုံးရှိသော ဖိလစ်ပိုင်မှ အဆင့်တူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်ဟု သူမက ပြောသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံး အင်ဒိုနီးရှားနိုင်ငံသည် အစ္စရေးနှင့် တရားဝင် သံတမန်ဆက်ဆံမှု မရှိထားပေ။ 

နိုင်ငံသားများ ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါလက်စတိုင်းနှင့် နီးကပ်သော ဂျော်ဒန်၊ လက်ဘနွန်နှင့် အီဂျစ်နိုင်ငံများမှတဆင့် နိုင်ငံသားများကို ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly