အင်ဒိုနီးရှားနှင့် အမေရိကန်တို့ သီတင်း ၂ ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်

အင်ဒိုနီးရှားနှင့် အမေရိကန်တို့ သီတင်း ၂ ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်
Photo-AFP

အင်ဒိုနီးရှားနှင့် အမေရိကန်၏ စစ်သည်တပ်ဖွဲ့ဝင် ထောင်နှင့်ချီတို့သည် သီတင်းပတ် နှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ဩဂုတ် ၃၁ ရက်တွင် စတင်ခဲ့ကြပြီး အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးကို ရည်ရွယ်သည့် ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားသော နိုင်ငံ ငါးနိုင်ငံမှ မဟာမိတ်တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ကြသည်။

ပစိဖိတ်ဒေသတွင် တရုတ်၏ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း ပိုမို ပြသလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နှင့် ယင်း၏ အာရှ မဟာမိတ်များက ထုတ်ဖော်ထားသော်လည်း ယခု စစ်ရေးလေ့ကျင့်မှုက မည်သည့်နိုင်ငံကိုမှ ရည်ရွယ်ခြင်း မရှိဟု ဝါရှင်တန်က ပြောသည်။

Super Garuda Shield ဟု သိကြသည့် တနှစ်တကြိမ် ပြုလုပ်သည့် ထိုစစ်ရေးလေ့ကျင့်မှုများကို အရှေ့ဂျာဗားပြည်နယ် ဘယ်လူရန်တွင် စတင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ပါဝင်လုပ်ဆောင်သည်။

ထို ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်စေရန် တပ်ဖွဲ့ဝင် ၂,၈၀၀ ကို စေလွှတ်ထားသည်ဟု အင်ဒိုနီးရှားစစ်တပ်က ပြောသည်။ ထိုစစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၃၁ ရက် မနက်ပိုင်းက အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ ယူဒို မာဂိုနိုက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

“ဒီ ၂၀၂၃ စူပါ ဂါရုဒါ ဒိုင်း စစ်ရေးလေ့ကျင့်မှုက မနှစ်က လေ့ကျင့်မှုတွေရဲ့ အလွန်တရာ အောင်မြင်ခဲ့မှုအပေါ် အခြေတည်ပါတယ်” ဟု အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာ ကွပ်ကဲမှုအရာရှိချုပ် ဗိုလ်ချုပ်ကြီး ချားလ်စ် ဖလင်းန်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ဒီ နိုင်ငံစုံပါတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကတော့ တည်ငြိမ်၊ စိတ်ချရပြီး ပိုမို ငြိမ်းချမ်း၊ လွတ်လပ်၊ တံခါးဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဖြစ်စေရင်းနဲ့ မိမိတို့ရဲ့ စုပေါင်း ကတိကဝတ်ပြုမှုနဲ့ စိတ်တူသဘောတူ ညီညွတ်မှုကို ထုတ်ဖော်ပြသတာဖြစ်ပါတယ်”

သီတင်းနှစ်ပတ်ကြာ လေ့ကျင့်မှုများကို အရှေ့ဂျာဗားရှိ လေ့ကျင့်ရေးနေရာ အများအပြားတွင် ပြုလုပ်မည် ဖြစ်ပြီး ဩစတြေးလျ၊ ဂျပန်၊ စင်္ကာပူ၊ ပြင်သစ်နှင့် ဗြိတိန်တို့မှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်လျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly