တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည် 

By Japan Today 
07 September 2023
တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည် 
Photo: AFP

တောင်တရုတ်ပင်လယ်က ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲပစ်မည့် တဖက်သတ် ကြိုးပမ်းမှုများကို ပူးပေါင်းဖြေရှင်းသွားရန်အတွက် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့ကြောင်း ဂျပန်အစိုးရက ပြောရာ ယင်းသည် တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှု ကြီးထွားလာခြင်းနှင့် ပိုင်နက်အတည်ပြုခြင်းများကို ရည်ညွှန်းဟန် ရှိသည်။ 

သုံးနိုင်ငံအနေဖြင့် အမျိုးမျိုးသော ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပို၍ အားကောင်းရန် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်နှင့် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့က ဂျကာတာ၌ ခဏတာ ဆွေးနွေးမှုအတွင်း ကတိကဝတ်ပြုကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။ 

အင်ဒိုနီးရှားမြို့တော်တွင် ကြာသပတေးနေ့အထိ ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ဆက်စပ်သော ထိပ်သီးအစည်းအဝေးများ သုံးရက်တာအတွက် ညစာစားပွဲသို့ တက်ရောက်ရာ၌ ၎င်းတို့ သုံးဦး တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ 

အမေရိကန်-တရုတ် ယှဉ်ပြိုင်မှု နောက်ခံ၌ အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်၏ ရေပိုင်နက် ငါတကောကောလာမှုကို တန်ပြန်ရန် အမေရိကန်နှင့် လုံခြုံရေးမဟာမိတ်နှစ်နိုင်ငံဖြစ်သည့် ဂျပန်နှင့် ဖိလစ်ပိုင်တို့က ဆက်ဆံရေး မြှင့်တင်လျက် ရှိချိန် ယခု ဆွေးနွေးမှု ပေါ်ပေါက်ခြင်း ဖြစ်သည်။ 

အရှေ့နှင့် တောင်တရုတ် ပင်လယ်၌ တရုတ်၏ ပိုင်နက်အတည်ပြုနှင့် ဆက်စပ်သော စိန်ခေါ်မှုများနှင့် ဂျပန်နှင့် ဖိလစ်ပိုင်တို့က ရင်ဆိုင်နေရသ၉ည်။ 

ကီရှီဒါ၊ ဟာရစ်နှင့် မားကို့စ်နည်းတူ တရုတ်ဝန်ကြီးချုပ်လည်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် အဖွဲ့ဝင် ၁၈ ဦးပါ အရှေ့အာရှဖိုရမ်သို့ တက်ရောက်ရန် ရှိသည်။ 

အဆိုပါ ဖိုရမ်သည် အာဆီယံခေါင်းဆောင်များ၊ ဒေသတွင်း မဟာမိတ်ခေါင်းဆောင်များဖြစ်သော ဩစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှနှင့် တောင်ကိုရီးယားမှ ခေါင်းဆောင်များပါ တက်ရောက်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly