မော်လိုက်မြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဥ် တိုက်ခိုက်ခံရ၊ ရေယာဥ်တစီးနှင့် စစ်သား ၅ ဦး ရုပ်အလောင်းကို စွန့်ပစ်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
24 October 2023
မော်လိုက်မြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဥ် တိုက်ခိုက်ခံရ၊ ရေယာဥ်တစီးနှင့် စစ်သား ၅ ဦး ရုပ်အလောင်းကို စွန့်ပစ်ခံရ
ပုံအညွှန်း- သောင်တင်နေသည့် စစ်ကောင်စီရေယာက်(ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ ယုဝ ကျေးရွာနှင့် မှုံကြီးကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် သောင်တင်နေသည့် စစ်ကောင်စီတပ် ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် ရေယာဥ်တစီးနှင့် တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ငါးဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့ကြောင်း  မော်လိုက်မြို့နယ် (ပ.က.ဖ) အဖွဲ့ထံက သိရသည်။

 အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖောင်းပြင်မြို့မှ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာသည့် ထိုရေယာဥ်အုပ်စုတွင် ဖလက်ယာဥ် ကိုးစီးပါရှိပြီး  မော်လိုက်မြို့နယ် ယုဝ ကျေးရွာ အနီးတွင် တစီး သောင်တင်သွားခြင်း ဖြစ်ကြောင်း မော်လိုက်မြို့နယ် ပ.က.ဖ တာဝန်ရှိသူထံက သိရသည်။

ယင်းရေယာဥ်ကို စစ်ကောင်စီတပ်က ဆယ်ယူရန် ကြိုးစားနေစဉ်  ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ရာ  အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ ၂၂  ရက် မနက်ပိုင်းအထိ   ပြင်းထန်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

“စစ်ကောင်စီတပ် ဖလက်ရေယာဉ် တစီး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့တာ ရှိတယ်။ စစ်ကောင်စီတပ်သား ငါးဦးသေဆုံး ရုပ်အလောင်းတွေ ပစ်ထားခဲ့တာကို တွေ့ရတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရ စစ်သား ခုနစ်ဦး ရှိတယ်” ဟု ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကဆိုသည်။

လက်ရှိတွင် သောင်တင်နေသည့် ရေယာဥ်ကို စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့ပြီး အခြား ရေယာဥ်တစီးမှာ လက်နက်ကြီးထိမှန်ပျက်စီး၍  အခြားရေယာဥ်များက ဆွဲယူသွားကြောင်း သိရသည်။ 

“ သုံးရက်နဲ့ တစ်မနက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ မြစ်လယ်ခေါင်မှာ သောင်တင်နေတဲ့ စစ်ကောင်စီတပ်ကို ဟိုဖက်ကမ်း ၊ ဒီဘက်ကမ်းကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်” ဟု ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ပွဲကို မော်လိုက်မြို့နယ် ပ.က.ဖ နှင့် မော်လိုက်ခရိုင် အမှတ်(၂ )တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော် နှစ်ဦး လက်မောင်းနှင့် ပေါင် ကျည်ရှပ် ထိမှန်ခဲ့ကြောင်း သိရပါသည်။

၎င်း ဖလပ်ရေယာဉ်အုပ်စုသည် မော်လိုက်မြို့တွင် တညနား၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်စုန်ဆင်းရာ ယခုအချိန်တွင် မော်လိုက်မြို့နယ် ကြာအင်းရွာ အနီး ချင်းတွင်းမြစ်ကြောင်းတွင် ဆက်လက်သောင်တင်နေကြောင်း သိရပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly