ကုလအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း အစီရင်ခံစာများတင်သွင်းခဲ့ကြ

ကုလအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း အစီရင်ခံစာများတင်သွင်းခဲ့ကြ

အစ္စရေး-ဟားမတ်စ် စစ်ပွဲအရှိန်လွှမ်းမိုးနေချိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွေကို ကုလသမဂ္ဂတာဝန်ရှိသူတွေ တချိန်တည်း တင်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်က ကလေးငယ်များ၊ အမျိုးသမီးများနဲ့ ပြည်သူ များကို သတ်ဖြတ်တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုများ ကျူးလွန်လာကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၊ အထူးကိုယ်စား လှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေး ယန္တရားတို့က သီခြားအစီ ရင်ခံစာများ တင်ပြကာ ထုတ်ဖော်ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။

အခုကျင်းပနေတဲ့ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီက ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတားရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတင်သွင်းမှုအပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နောက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲတွေ အားလုံးပူးပေါင်းပြီး အစီရင်ခံစာတွေကို တချိန်တည်း အသီးသီး တင်ပြခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေပြီး လက်ရှိအချိန်အထိ အရပ်သားပြည်သူ ၄၀၀၀ ကျော်ကို သတ် ဖြတ်ခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့ နယ်မြေစိုးမိုးမှုမရှိတဲ့ ဒေသတွေက စာသင် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး  လေကြောင်း တိုက်ခိုက် မှုများမှာလည်း ယမန်နှစ်ထက် ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးသူ Thomas Andrews က စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ခြေလက်များဖြတ်တောက်ခြင်း ၊ ကိုယ် ခန္ဓာ ရုပ်အလောင်းများကို ပုံပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဆောင်ကာ ပြည် သူ တွေကို အကြမ်းဖက်နေကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးယန္တရားကမူ စစ်တပ်က အရပ်သားပြည်သူများကို  ရက်စက်ကြမ်းကြုတ်မှု အမြင့်ဆုံးအဆင့်ဖြင့် ကျူးလွန်နေကြောင်း  ပြောဆိုထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာကို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဌာန DPPA က အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Khaled KHIARI က တင်ပြသွားပါတယ်။

အစီရင်ခံစာအသေးစိတ်ဖေါ်ပြထားချက်တွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေပြီး ဒေသတွင်း သက်ရောက်မှုတွေ အများအပြားရှိနေတယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြင့်မားလာနေပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ သူတို့မှာ သက်သေအထောက်အထားတွေရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲ Nicholas Koumjian က ပြောသွားပါတယ်။

IIMM အဖွဲ့က စုဆောင်းထားတဲ့ သက်သေ အထောက်အထားတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အပေါ် သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေစွဲဆိုထားတဲ့ အမှုတွေ မှာ တင်ပြနိုင်ဖို့ဖြစ်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုထားတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိုယ်စားလှယ်အဖြစ် တုံ့ပြန်ဆွေးနွေးသွားတာတွေ့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အပေါ်  လက်နက်ရောင်း ချမှု ပိတ်ဆို့ခြင်းနဲ့ စစ်တပ်ရဲ့ ဝင်ငွေများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ မှုများကို အလျင်အမြန် ချမှတ်သင့်ကြောင်း၊  မြန်မာ့အရေးကို  နိုင်ငံ တကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးသင့်ကြောင်း၊ စစ်ကောင်စီကျူးလွန်နေတဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ရန် ခိုင်မာ ပြင်းထန်တဲ့ အရေးယူမှု လို အပ်ကြောင်း  ကုလသမဂ္ဂက  တိုက်တွန်းထားပါတယ်။

နှစ်နာရီကြာမြင့်တဲ့ ဆွေးနွေးပွဲအတွင်း အမေရိကန်၊ ဗြိတိန်၊ စတဲ့ အနောက်အင်အားကြီးနိုင်ငံတွေအပါအဝင် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အတော်များများကလည်း သူတို့ အစိုးရတွေရဲ့ ရပ်တည်ချက်တွေကို တင်ပြခဲ့ကြပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အတွက် တိုက်တွန်းပြောဆိုသွားခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required