အစ္စရေးနှင့် ဂါဇာရောက် ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးရန် အာဆီယံနိုင်ငံများကို တောင်းဆို

အစ္စရေးနှင့် ဂါဇာရောက် ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးရန် အာဆီယံနိုင်ငံများကို တောင်းဆို
Photo - AFP

ပြီးခဲ့သည့် ရက်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေ ဂါဇာကို ဝိုင်းရံလွှမ်းမိုးခဲ့သည့် ဖြစ်စဉ်များအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ သို့မဟုတ် အဓမ္မခေါ်ဆောင်ခြင်း ခံရသူများထဲတွင် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်မှ ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ခဲ့သည်ဟု ကြားသိရသည့်အတွက် စိတ်ထိခိုက် ဝမ်းနည်းရကြောင်း မဲခေါင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကွန်ရက် (MMN) က အောက်တိုဘာ ၂၀ ရက် သတင်းထုတ်ပြန်ချက်တရပ်တွင် ဖော်ပြသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဝင် နိုင်ငံများမှ ထောင်နှင့်ချီသော နိုင်ငံသားများသည် ပဋိပက္ခဇုန်တလျှောက် အန္တရာယ်ရှိသော အခြေအနေများအောက်တွင် ဆက်ရှိနေကြရသည်။ “တိုက်ပွဲဇုန်” တွင် လက်ရှိ ရောက်ရှိနေသည့် ထိုင်းရွှေ့ပြောင်းလုပ်သား ၅,၀၀၀ ခန့် ရှိနေကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးက အတည်ပြုသလို ဗုံးကြဲတိုက်ခိုက်ခံနေရသည့် ပိတ်ဆို့ခံ ဂါဇာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရာနှင့်ချီသော နိုင်ငံသားများ ရှိနေကြသည်။

ရွှေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် အတူတကွ လုပ်ဆောင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်တခုအနေဖြင့် ဂါဇာတွင် ပိတ်မိနေသည့် အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန်နှင့် အကူအညီများ ပေးအပ်ရန် လူသားချင်းစာနာမှု စင်္ကြံများ ထူထောင်ရေးနှင့် ဓားစာခံ ဖမ်းဆီးခံထားရသည့် သိထားရသည့် ထိုင်းရွှေ့ပြောင်းလုပ်သား ၁၈ ဦး ပြန်လည်လွတ်မြောက်ရေးတို့အတွက် သံတမန်ရေးရာ စုဆောင်းလုပ်နိုင်စွမ်းများကို အသုံးပြု တွန်းအားပေးလုပ်ဆောင်ရန် အာဆီယံကို တိုက်တွန်းတောင်းဆိုသည်ဟု MMN က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကျပ်အတည်းအတွင်း ပိတ်မိနေသည့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများကို အကူအညီများ ပေးအပ်ရာတွင် တက်ကြွစွာ လုပ်ဆောင်ရန်၊ အကျပ်အတည်း အခြေအနေများအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များကို အကာအကွယ်ပေးခြင်း ဆိုင်ရာ အာဆီယံ ကြေညာချက်တွင် သဘောတူထားသည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များကို အပြည့်အဝ အသုံးချလုပ်ဆောင်ရန်၊ အကျပ်အတည်းအခြေအနေများအတွင်းရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများကို တတိယနိုင်ငံများရှိ အာဆီယံသံအဖွဲ့များမှ အရေးပေါ် အကူအညီများ ပေးအပ်ရေးဆိုင်ရာ အာဆီယံဂိုက်လိုင်းများအတိုင်း အသုံးချလုပ်ဆောင်ရန် MMN က အာဆီယံအဖွဲ့ဝင်များကို တိုက်တွန်းသည်။

လက်ရှိ ပဋိပက္ခက အကျပ်အတည်း အချိန်ကာလအတွင်း ရွှေ့ပြောင်းများ ရင်ဆိုင်ရသည့် ခုခံနိုင်စွမ်းအားနည်းမှုများကို မီးမောင်းထိုးပြသနေသည်။ လုံခြုံရေး ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရာတွင် ရွှေ့ပြောင်းများအနေဖြင့် သက်ဆိုင်ရာ ပြည်တွင်းဒေသ ဘာသာစကားကို ကောင်းစွာ မပြောနိုင်ခြင်း သို့မဟုတ် ပါဝင်ပတ်သက်သည့် လူမှု-နိုင်ငံရေး အင်အားစုများကို ကောင်းစွာ နားမလည်ခြင်း တို့ကြောင့် အဟန့်အတားဖြစ်နိုင်သည်။ ထို့ပြင် ၎င်းတို့ကို အလုပ်ခန့်ထားသည့် အလုပ်ရှင်များက ပဋိပက္ခတွင် ပါဝင်ပတ်သက်နေပါက ၎င်းတို့သည် ပစ်မှတ်ထားခံရ သို့မဟုတ် တမင်ရည်ရွယ်သည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရကောင်း ရနိုင်သည်။ ပိုမိုကျယ်ပြန့်လာသည့် အကျပ်အတည်းအတွင်း အဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်းများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် လျစ်လျူရှုခြင်း မရှိစေရန်နှင့် အကျပ်အတည်း အခြေအနေများအတွင်း ရွှေ့ပြောင်းများကို အကူအညီပေးရေးဆိုင်ရာ အရန်အသင့်ရှိမှုကို မြှင့်တင်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ရန် MMN က အာဆီယံကို တိုက်တွန်းတောင်းဆိုသည်။

အစ္စရေးနှင့် ဂါဇာတွင် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေမည်မျှ ပြဿနာများနှင့် ရင်ဆိုင်နေရသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

၂၀၀၃ ခုနှစ်တွင် တည်ထောင်သည့် မဲခေါင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက် (MMN) သည် မဟာမဲခေါင် ဒေသခွဲရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ၎င်းတို့၏ မိသားစုများ၏ အခွင့်အရေးများကို မြှင့်တင်၊ အကာအကွယ်ပေးရေးအတွက် လုပ်ကိုင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သုတေသန အင်စတီကျူးရှင်းများ၏ ဒေသခွဲ ကွန်ရက်တခုဖြစ်သည်။ MMN ၏ ပူးတွဲလုပ်ဆောင်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သုတေသန ပြုလုပ်ခြင်း၊ ထောက်ခံ အားပေးမှု၊ လုပ်နိုင်စွမ်း တည်ဆောက်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းတို့ ပါဝင်သည်။ MMN အဖွဲ့ဝင်များသည် မူလဇာတိနိုင်ငံများနှင့် ရောက်ရှိသည့် နိုင်ငံများတွင် လှုပ်ရှားလုပ်ဆောင်သလို နယ်ပယ်တွင် ထူးကဲ ကျွမ်းကျင်မှုတို့ ရှိကာ အောက်ခြေလယ်ဗယ်ရှိ ရွှေ့ပြောင်းလုပ်သားများနှင့် နီးကပ်သည့် ဆက်သွယ်မှုတို့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required