ဆားလင်းကြီး၊ ချင်းတွင်းမြစ်ဆိပ်အနီး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးဟုဆို

By MTO၊၀၀၈(မဇ္စျိမ)
26 October 2023
ဆားလင်းကြီး၊ ချင်းတွင်းမြစ်ဆိပ်အနီး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးဟုဆို
ပုံအညွှန်း စစ်ကောင်စီတပ်ဖွဲ့ ထံမှသိမ်းဆည်းရမိသည့် သေနတ်အားတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသည် ယနေ့ နံနက်ပိုင်းက  ချင်းတွင်းမြစ်ဆိပ်သို့‌ ခြေလျင်ဆင်းလာစဉ် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး သေနတ်တလက်နှင့် ကျည်အချို့သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ဓါးမဆိုင်းတပ်မတော်က သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ဆိပ်ကမ်းဖြစ်သည့် ထန်းတောရွာဇက်ဆိပ်သို့ ပြည်သူများထံမှ ငွေတောင်းရန် သေနတ်များကိုင်ဆောင်ပြီး  အရပ်ဝတ်ဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင်အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ဓါးမဆိုင်းတပ်မ‌တော် တာဝန်ခံဗိုလ်စွမ်းသူမောင်ကပြောသည်။

" ပြည်သူတွေဆီကနေ ငွေတောင်းဖို့ဆင်းလာတဲ့ ကောင်တွေကို ဝါးတရိုက်အကွာကနေပစ်တာ လေးဦးသေတယ်။G-3‌တလက်နဲ့ကျည် ခုနစ်တောင့် သိမ်းဆည်းရမိတယ်"ဟု ဗိုလ်စွမ်းသူမောင်ကပြောသည်။

တိုက်ခိုက်ခဲ့သည့် နေရာသည် စစ်ကောင်စီတပ်ဖွဲ့ ဝင်များတပ်စွဲထားသည့် ညောင်ပင်ကြီးရဲစခန်း နှင့် မီ တာ ၁၀၀ ခန့်(ပေ ၃၀၀ခန့်)သာကွာဝေးသည့် အတွက် အလျင်အမြန်တိုက်ခိုက်ပြီးပြန်လည်ဆုတ်ခွာခဲ့သည်ဟုဓါးမဆိုင်းတပ်မတော်၊အထူးတိုက်ခိုက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောသည်။

" လေးဦးသေတယ်။ နှစ်ဦးကျန်ပြီး ပြန်ပစ်နေလို့ သေနတ် တလက်ပဲ ကောက်ခဲ့ရတယ်။ အခုလိုလုပ်နိုင်ဖို့ ၁၅ ရက်လောက် ချောင်းခဲ့ရတာ။  ဒီနေ့မှ ပဲ တိုက်ခိုက်နိုင်ခဲ့တာ။  ၅ မိနစ်လောက်အတွင်းမှာ အပြီး တိုက်ခဲ့တာ “ ဟု ဗိုလ်ထွဋ်ခေါင်က ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာနှင့်ထန်းတောကျေးရွာကို နံနက် ၇ နာရီ ၄၅ မိနစ်မှစ၍  မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ညောင်ပင်ကြီး ရဲစခန်းသည် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့်နေရာဖြစ်ပြီး
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌  စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly