ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

By 007(မဇ္စျိမ)
03 November 2023
ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်
ပုံအညွှန်-ဒီပဲယင်းမြို့နယ်အတွင်းရှိ၊ စစ်အုပ်စုစခန်းကို မဟာမိတ်များက ဒရုန်းဖြင့်တိုက်ခိုက် (ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောဘုန်းကြီးကျောင်းနှင့် စာရင်းစစ်ချုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုပြုလုပ်သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ပြန်ကြားရေးဗျူရိုက ယမန်နေ့ နိုဝင်ဘာလ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

“ပစ်မှတ်တည့်တည့်ကျလို့ စခ(စစ်ကောင်စီတပ်သား)တွေ ဒဏ်ရာရသေဆုံးမှု များတယ်လို့ မြေပြင်သတင်း ရထားတယ်။ အင်တာနက်အခက်အခဲကြောင့် နောက်ဆက်တွဲအခြေအနေ မသိနိုင်သေးဘူး” ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ပြန်ကြားရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ပုံအညွှန်-ဒီပဲယင်းမြို့နယ်အတွင်းရှိ၊ စစ်အုပ်စုစခန်းကို မဟာမိတ်များက ဒရုန်းဖြင့်တိုက်ခိုက် (ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

အောက်တိုဘာလ  ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ခန့် အထိုင်ချတပ်စွဲထားသော ဒီပဲယင်းမြို့ရှိ စာရင်းစစ်ချုပ်ရုံးနှင့် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ခန့် တပ်စွဲထားသော ဒီပဲယင်းမြို့ပေါ်ရှိ လေသာကျောင်းတိုက် ဘုန်းကြီးကျောင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရကာ ညနေ ၅နာရီအချိန်ခန့်က တိုက်ခိုက်မှုတွင် ဗုံးသီးချအပြီး ဒရုန်းအားပြန်လည်သိမ်းယူစဉ် စက်ချို့ယွင်း၍ ဒရုန်းပျက်ကျကျန်ခဲ့ကြောင်းလည်း သိရသည်။

ပုံအညွှန်-ဒီပဲယင်းမြို့နယ်အတွင်းရှိ၊ စစ်အုပ်စုစခန်းကို မဟာမိတ်များက ဒရုန်းဖြင့်တိုက်ခိုက် (ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

အဆိုပါ တိုက်ခိုက်မှုများအား ၎င်းတို့အဖွဲ့နှင့်အတူ Free Rangers(DPY) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်များ ဘေးကင်းစွာဖြင့်ဆုတ်ခွာနိုင်ခဲ့ကြောင်း  မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုမှပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ပြောသည်။

မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အနေဖြင့် စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ စစ်ကောင်စီကို မဟာဗျူဟာမြောက် စစ်ဆင်ရေးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်တွင် ၎င်းတို့၏ စစ်ဆင်ရေးကိုလည်း ပုံမှန်ထက် အရှိန်မြှင့်တင်လာသည်ဟုဆိုသည်။

ပုံအညွှန်-ဒီပဲယင်းမြို့နယ်အတွင်းရှိ၊ စစ်အုပ်စုစခန်းကို မဟာမိတ်များက ဒရုန်းဖြင့်တိုက်ခိုက် (ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

“၁၀၂၇ စစ်ဆင်ရေးက တော်လှန်ရေးအတွက်၊ ကြီးမားတဲ့အရွေ့တစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်၊ မဟာဗျူဟာကျကျ ကစားပွဲတွေအတွက် ပူးပေါင်းပါ၀င်ဖို့လည်း အသင့်ရှိပါတယ်၊ ဘုံရန်သူကို တသံတည်းညီ တချီတည်းရုန်းဖို့ အချိန်အခါကောင်းကို အမိအရ အသုံးချသွားမှာပါ”  ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး)ပြန်ကြားရေးဗျူရိုပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ ပြောသည်။

ယင်းအဖွဲ့အနေဖြင့် အောက်တိုဘာလ တလအတွင်းမှာပင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ နေရာငါးခုကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက် ထားသေးသည်ဟုလည်း သိရသည်။

လက်ရှိတွင် လက်နက်အင်အားအခက်အခဲကြားမှ တိုက်ပွဲ၀င်နေရသဖြင့် ငွေကြေးလိုအပ်ချက်ရှိနေကာ ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ တရား၀င်အင်တာနက်စာမျက်နှာများမှတဆင့် ဆက်သွယ် လှူဒါန်းထောက်ပံ့သင့်ကြောင်း စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများက တိုက်တွန်းပြောဆိုနေကြသည်။

ယနေ့နံနက်ပိုင်း ဒေသအတွင်းမှရရှိသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့သည် ဒီပဲယင်းမြို့နှင့် အနီး၀န်းကျင်ကို စစ်ကြောင်းထိုး၀င်ရောက်နေကြောင်း သိရသည်။

စာတည်း ။              ။ ဖူးသိမ်ကျု
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required