ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရ

By MTO (မဇ္စျိမ)
30 October 2023
ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရ
ပုံအညွှန်း - ရေဦးနယ်အနောက်ခြမ်းကျေးရွာများမှ ပြည်သူများထွက်ပြေးနေရစဉ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းကြောင့် ရေဦးမြို့နယ်အနောက်ခြမ်းရှိ မစိုးရိမ်၊ ပျော်ဘွယ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ငြုတ္တုံ စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ်သည်။

“ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ဒီပဲယင်းနယ်အနောက်ခြမ်းကရွာတွေကို ရှစ်ရက်ကြာ စစ်ကြောင်း ထိုးမီးရှို့ပြီး စစ်ရှောင်တွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းပဲ။ ဒီနေ့မနက် ဒီပဲယင်းကနေ ရေဦးအနောက် ခြမ်းဘက်ကို အင်အား ၁၀၀ ကျော်နဲ့ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာ တာပါ” ဟု ရေဦးအခြေပြု People's Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဘီလူးစစ်ကြောင်းဟု အမည်ပေးထားသည့် စစ်ကြောင်းဖြစ်ပြီး ဒီပဲယင်းမြို့နယ် တွင် စစ်ကြောင်းထိုးခဲ့သည့် ရှစ်ရက်တာကာလအတွင်း အရပ်သားရှစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး အချို့ကိုလည်း ဖမ်းဆီးထားကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

“ဒီပဲယင်းအနောက်ခြမ်းမှာ ခေါင်းတွေဖြတ် အပိုင်းပိုင်းခုတ်ဖြတ် သတ်ထားခဲ့တာတွေရှိတယ်။ အရှင်လတ် လတ် မီးရှို့သတ်တယ်၊ ခေါင်းတွေဖြတ် ဗိုက်တွေခွဲ ခြေတွေဖြတ် သတ်ထားခဲ့တာများတယ်။ ဖမ်းဆီးခေါ် ဆောင်သွားတဲ့ ပြည်သူ ၂၀ ကျော်အထိ ရှိနေတယ်”ဟု ၎င်းက မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးပို့ချက်အား ကိုးကား၍ပြောပြသည်။

၎င်း စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရေဦးမြို့နယ် အနောက်ခြမ်းကျေး ရွာများကို စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင် ရောက်သွားကာ အောက်တိုဘာလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ ဒီပဲယင်းမြို့နယ်အတွင်း၌ စစ်ကြောင်း ထိုး၍ ဒေသခံများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly