ရေဖြူမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံး ဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
30 October 2023
ရေဖြူမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံး ဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ရန်ကင်းတံတားမှ အနောက်ဘက်ခြမ်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်အား နံနက် ၆ နာရီမှ ၈ နာရီခွဲအထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်ငါးဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF ရဲဘော်တဦးနှင့် အရပ်သားတဦးလည်း သေဆုံးခဲ့ကြောင်း ဝေဟင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)-ရေဖြူ ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

“အခုရက်ပိုင်း ကျနော်တို့ဖက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာ ရှိတယ်။ နှစ်ဖက်ထိခိုက်မှု ရှိတယ် ဆိုပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ပိုများတယ်”ဟု ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)- ရေဖြူ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလာတူ အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင်လည်း နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၉ ဦးသေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်၊ အမှတ် (၁) တပ်ရင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ  ၂၆ ရက်နေ့ ည ၉ နာရီခွဲတွင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ နေအိမ်များအား မီးရှို့ ဖျက်ဆီးပြီးပြန်လာသော စစ်ကောင်စီယာဉ်တန်းအား ရန်ကင်းကျေးရွာအနီး၌ တော်လှန်ရေးပူးပေါင်းအဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ၁၀  ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သလို ၂၇ ရက်နေ့တွင်လည်း ထားဝယ်-ရေဖြူလမ်းပိုင်းတနေရာတွင် ထားဝယ်မြို့ဘက်မှလာသည့် ကား သုံးစီးပါ စစ်ကောင်စီယာဉ်တန်းအား ည ၁၀ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ် ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း ပူးပေါင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပွင့်လင်းရာသီ ပြန်ရောက်လာပြီဆိုတော့ စစ်ရေးအရှိန်က ပိုမြင့်လာနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီတော်လှန်ရေးကာလမှာ စစ်ရေးသတိရှိကြဖို့ပါ။ စစ်ကောင်စီ တပ်ရင်းတွေ၊ စခန်းတွေ၊ စစ်ကောင်စီ လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ ဝေးဝေးနေပေးဖို့၊ စစ်ကောင်စီ သွားလာလှုပ်ရှားတဲ့ စစ်ကြောင်းတွေ၊ ယာဉ်တန်းတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ရှောင်ပေး ကြဖို့လိုတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မိမိဒေသအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များမှ အခါအားလျှော်စွာထုတ်ပြန်သည့် ထုတ် ပြန်ချက်၊ ကြေညာချက်များကို မပြတ်စောင့်ကြည့် လေ့လာလိုက်နာပေးရန်၊ ခုခံတွန်းလှန်စစ်တွင် နိုင်ရာမှ ပူးပေါင်း ကူညီပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required