ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ​ရှေ့​နေအဖွဲ့  စာထပ်တင်မည် 

By 001 (မဇ္စျိမ)
30 October 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ​ရှေ့​နေအဖွဲ့  စာထပ်တင်မည် 

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့က မနက်ဖြန် ​အောက်တိုဘာလ ၃၁ ရက်​နေ့ နံနက်ပိုင်းတွင် စာဖြင့် ထပ်မံတင်ပြသွားရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့်သိုင်းအဝိုင်းထံက  သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့အဆက်အသွယ်ပြတ်တောက်နေသည်မှာ ၁၀ လခန့် ကြာမြင့်နေပြီဖြစ်ကာ လူချင်းတွေ့ဆုံခွင့်ရရန် အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်ကစပြီး နေပြည်တော်အချုပ်ထောင်အာဏာပိုင်များထံ စာဖြင့် အကြိမ်ကြိမ်တင်ပြနေသော်လည်း အကြောင်းပြန်ကြားချက်မရရှိသေးကြောင်း သိရသည်။

ထို့နောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင်  အကျဉ်းထောင်များတွင် ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီ၏ ကန့်သတ်ချက်များတွင် အိမ်ထောင်စုဇယားတွင် ပါဝင်သည့် မိသားစုဝင်သာ တွေ့ဆုံခွင့်ရမည်ဖြစ်ကြောင်း အချက်လည်း ပါဝင်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မိသားစုဝင် မရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေအဖွဲ့က လူချင်းတွေ့ဆုံခွင့်ရရန် လက်ရှိ ကြိုးပမ်းနေခြင်းဖြစ်သည်။

“အခုတခေါက်ဆိုရင်တော့ အဲ့တာ အတိအကျတော့ ပြောလို့မရဘူး။ ဒါပေမဲ့ ခန့်မှန်း ခြောက်ခေါက်လောက် တင်ထားတာပေါ့။ သူတို့ထုတ်ပြန်တာ ၂၄ ရက်နေ့တုန်းက တွေ့ခွင့်ရတယ်ပြောတယ်လေ။ ဒါပေမဲ့ တွေ့ခွင့်ရဖို့ဆိုတာက စည်းကမ်းချက်တွေက ရပ်ကွက်ထောက်ခံချက်တွေ ပါမယ်။ ရဲစခန်းထောက်ခံချက်တွေ ပါမယ်။ အိမ်ထောင်စုဝင်ဖြစ်ရမယ်ဆိုတဲ့ အချက်တွေပါတဲ့အခါကျတော့ စည်းကမ်းချက်က တော်တော်ကြပ်တော့ တော်ရုံတန်ရုံက တွေ့ဖို့က သိပ်တော့ မလွယ်တော့ဘူး။ ဦးဝင်းမြင့်က တော့ သူ့မိသားစုရှိတော့ သူ့မိသားစုက သူ့ဘာသာလျှောက်မှာပေါ့ ” ဟု တရားရုံးနှင့် နီးစပ်သူတဦး ပြောသည်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ပြီး ပြစ်ဒဏ်အချို့ကို ပြန်လည်လျှော့ပေါ့ပေးခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည်။

COVID -19 ကာလကတည်းက ပိတ်ထားခဲ့သည့် ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်ကစပြီး အကျဉ်းထောင်အသီးသီးတွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များအနေဖြင့် တလလျှင် တကြိမ် တွေ့ဆုံခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required