၁၀၂၇ စစ်ဆင်ရေးဒေသတွင် စစ်ကိုင်းတိုင်းပါဝင်လာ

By ဂျူချန်း၊ ရွှေနွယ်(မဇ္ဈိမ)
30 October 2023
၁၀၂၇ စစ်ဆင်ရေးဒေသတွင် စစ်ကိုင်းတိုင်းပါဝင်လာ

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်‌နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင်  ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအပြင်စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌လည်း ရက္ခိုင့်တပ်တော် ULA/AA မှ ဦးဆောင်ကာ တိုက်ပွဲဝင်နေကြောင်း စစ်ဆင်ရေးသတင်းထုတ်ပြန်ရေး စာမျက်နှာ Operation 1027-3BHA ကထုတ်ပြန်သည်။ 

၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်သည့် ယနေ့ အောက််တိုဘာ ၃၀ ရက်နေ့တွင်Operation 1027-3BHA က တရားဝင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ဆင်ရေး စတင်ကြေငြာခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၈နာရီခွဲအချိန်ခန့်တွင်စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု အသိပေးထားသည်။

ထီးချိုင့်မြို့နယ်တွင် ရက္ခိုင့်တပ်တော်မှ ရဲဘော်များကို မြင်တွေ့နေရသည်မှာ ငါးလခန့်ရှိပြီဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး၌ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းဖော်ဆောင်နေခြင်းအပေါ် ကျေနပ်မိကြောင်း စစ်ကိုင်းတိုင်းဒေသခံတဦးက ပြောသည်။

“ဒုက္ခသုခတွေများနေတဲ့အချိန်မှာ ကြောက်တာကတော့ ကြောက်တာပေါ့နော်။ ကိုယ့်တယောက်တည်းမဟုတ်တဲ့ခါကျတော့ ကံတရားပေါ့နော်။ အဲ့လိုခံယူပြီး သူတို့(ညီနောင်မဟာမိတ်သုံးဖွဲ့) လုပ်ဆောင်ချက်တွေကို အားပေးတယ်။ ကျေနပ်တယ်။ အဲ့လိုပါဝင်ပူးပေါင်းတာကိုလည်း ကျတော်တို့ ဝမ်းသာတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ယခုကဲ့သို့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်လာခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ PDF တပ်ရင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား  ပိုမိုဟန်ချက်ညီလာခြင်းဖြစ်ပြီး တော်လှန်ရေး၏ အဆုံးအဖြတ်ပင်ဖြစ်လာနိုင်သည်ဟု စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က  ပြောသည်။

"ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ်ယုံကြည်ချက်ဟာပိုပြီးတော့ ခိုင်မာသွားပြီ။ ဒီဟာအပေါ်မှာ ပြည်သူတွေက တအားကိုမျှော်လင့်ချက်ကြီးသွားတာ။ ဒီ ၁၀၂၇ ဟာတော်လှန်ရေးအတွက် အဆုံးအဖြတ်ပုံစံမျိုးကိုဖြစ်သွားတယ်လို့ ကျွန်တော်ကတော့ထင်တယ်" ဟု ဦးဇော်ထက်ကပြောသည်။

လတ်တလော ထီးချိုင့်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိကြောင်းနှင့်  တိုက်ပွဲအရှိန်ဆက်လက်မြှင့်တင်‌နေကြောင်း Operation 1027-3BHA ကထုတ်ပြန်သည်။ 

ထီးချိုင့်မြို့နယ်အပြင် ရက္ခိုင့်တပ်တော် အခြေစိုက်လှုပ်ရှားသည့် KIA ထိန်းချုပ်ရာဒေသ လိုင်ဇာဌာနချုပ် အနီးဝန်းကျင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း မဟာမိတ်များနှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခြင်းဟု  မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့က အောက်တိုဘာလ ၂၇ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပြီး မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly