ဝိုင်းမော်မြို့နယ်မှ ကန်တော်ယန်ဗျူဟာကုန်းအား KIA တိုက်ခိုက်သိမ်းပိုက်

By အဂမ် (မဇ္ဈိမ)
31 October 2023
ဝိုင်းမော်မြို့နယ်မှ ကန်တော်ယန်ဗျူဟာကုန်းအား KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမအနီးတွင် အထိုင်ချတပ်စွဲ ထားသည့် ကန်တော်ယန်ဗျူဟာကုန်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်‌ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၅ နာရီခန့်မှစ၍  KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ သုံးနာရီအကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကန်တော်ယန်ဘက်ကို စစ်ကူပေးပို့နိုင်သည့် မလိယန်ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA အမှတ်(၁)အထူးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က  ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပြီဖြစ်‌သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် စခန်းမထိုင်သေးဘဲ လေကြောင်းတိုက် ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေ‌ကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပေးထားသည်။

KIA ၏ လိုင်ဇာဌာနချုပ်ရှိရာ ပတ်ဝန်းကျင်သို့ ခါယာတောင်ရှိ ဗျုဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေသည်ဟု ဒေသခံများက အတည်ပြုထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်များသည် KIA ဌာနချုပ်အနီးရှိ မဟာမိတ် ရက္ခိုင့်တပ်တော်(AA) တပ်စခန်းများရှိရာ ပတ်ဝန်းကျင်အပါအဝင် မကြာသေးခင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့သော မုန်လိုင်ခက် ပတ်ဝန်းကျင်နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံဖော်ပြပါမည်။

စာတည်း။          ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required