ရန်ကုန်ရှိ မြဝတီဘဏ်နှင့် အောင်သပြေရဲစခန်းဝင်း ခရိုင်ပကဖ တိုက်ခိုက်

By ဂန္ဒမာ(မဇ္ဈိမ)
27 October 2023
ရန်ကုန်ရှိ မြဝတီဘဏ်နှင့် အောင်သပြေရဲစခန်းဝင်း ခရိုင်ပကဖ တိုက်ခိုက်
ပုံအညွှန်း - ရန်ကုန်ရှိစစ်ကောင်စီတပ်သားများနှင့်ပတ်သက်ဆက်နွယ်သည့်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရပုံ (ပုံဟောင်း)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်နှင့် အောင်သပြေရဲစခန်းဝင်းအား ယမန်နေ့ အောက်တိုဘာလ ၂၆ ရက် ည ၇ နာရီဝန်းကျင်က ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ (ယခင် ဂန္ဓမာ wholesale အနီး) မြဝတီဘဏ်ကို ည ၇ နာရီ ၁၀ မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

“ မြဝတီဘဏ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးနိုင်ဖွယ်ရှိတယ်။ မိုင်းကြောင့် လဲကျသွားတာ မျက်မြင်တွေ့ခဲ့ရတယ်” ဟု  တိုက်ခိုက်သည့်အဖွဲ့က ပြောသည်။

အလားတူ မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေရဲစခန်းဝင်း အဝင်ပေါက်ရှိ ဘန်ကာကိုလည်း ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ ဝင်းအတွင်း၌ စစ်သင်တန်းပေးနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖ  တာဝန်ရှိသူက ပြောသည်။

“ရဲဝင်းမှာ ပျူစောထီး သင်တန်းပေးနေတာ၂၀၂၂ထဲကပါ။  ကျနော်တို့ သတင်းအတိအကျ ရထားပြီးသားပါ ” ဟု ၎င်းကပြောသည်။  

တိုက်ခိုက်မှုများကြောင့် မရမ်းကုန်းမြို့နယ်တွင်းရှိ နေအိမ်များတုန်ခါသည်ကို ခံစားသိရှိလိုက်ကြောင်း ဒေသခံများထံက သိရသည်။

“မိုင်းပြင်အားကြောင့် အိမ်တွေပါ တုန်ခါသွားတယ်။ ပြင်းတဲ့အတွက်စခ(စစ်ကောင်စီတပ်သား) များများသေပါစေလို့ ဆုတောင်းတယ်” ဟု မရမ်းကုန်းမြို့နယ်နေဒေသခံက ပြောသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required