ပုလဲမြို့နယ် သာယာကုန်းကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၃ ဦး ထိခိုက် 

By လွှမ်းမိုး (မဇ္ဈိမ)
31 October 2023
ပုလဲမြို့နယ် သာယာကုန်းကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၃ ဦး ထိခိုက် 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာယာကုန်းကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးသုံးဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာဘက်ကိုဦးတည်ပြီး ၈၀ မမ လက်နက်ကြီးသုံးလုံး ဆက်တိုက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နေအိမ် တလုံးပျက်စီးပြီး ဦးခေါင်းမှာဒဏ်ရာရတဲ့ အမျိုးသမီးတဦးကတော့ ဆေးရုံမှာ တော်တော်လေး စိုးရိမ်ရ တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသည့် အင်မထီး‌ကျေးရွာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာရသည့် အမျိုးသမီးသုံးဦးအနက် တဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံ တဦးက ပြောသည်။

သာယာကုန်းကျေးရွာသည် အင်မထီးကျေးရွာ၏မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ သုံးကြိမ်မြောက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ပျူရွာ(အင်မထီးရွာ)နဲ့နီးနေတော့ ဖြောင့်ဖြောင့်တန်းတန်း မနေရဘူးဗျ။ စစ်သားနဲ့ ပျူတွေက ရိက္ခာပြတ် ပြီဆိုရင် သေနတ်တွေဖောက်၊ ရွာထဲရှိတာကို လှည်းတွေနဲ့သယ်ကြ၊ ဘာအလုပ်မှ ကောင်းကောင်းမွန်မွန် မလုပ်ရဲကြဘူး” ဟု အခြားဒေသခံတဦးက ဆိုသည်။

သာယာကုန်းကျေးရွာသည် ယခင်က အိမ်ခြေ ၂၀၀ ခန့် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုများ ကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ပြာကျထားကြောင်း သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly