မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှု ၅ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
31 October 2023
မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှု ၅ ဦးသေဆုံး
ပုံအညွှန်း - ကျောင်းသားလက်ရုံးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက် ခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force)က အောက်တိုဘာ လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ဘုတလင်မြို့နယ်၊ ကျီးဗဒုံကျေးရွာမှ အင်အား ၇၀ ခန့်ဖြင့်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာအနီး၌ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ချုံခိုပြီးတိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ကသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မျက်မြင်တွေ့ရ တာရယ်၊ သူတို့ ထမ်းစဥ်နဲ့သယ်ထုတ်သွားတဲ့အရေအတွက်ကို သတင်းရတာနဲ့အတည်ပြုနိုင်တာပါ” ဟု SAF အဖွဲ့တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ချုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ပြီး ၎င်းတို့ကို ကျီးဗဒုံကျေးရွာဘက်မှတဆင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသို့ သယ်ဆောင်သွားကြောင်း ဆိုသည်။

မိနစ်၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများကြောင့် စစ်ကောင်စီတပ်သည် ရှေ့ဆက် မတိုးဘဲ ဖန်းခါးကျင်းကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း SAF တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ Anonymous Hero အဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်သွား မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ကို SAF နှင့်အတူ မုံရွာခရိုင် အမှတ်(၁၃)တပ်ရင်း (အောင်ဆန်းမျိုးဆက်) ဒေသ ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ခဲယမ်းအချို့သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly