မြန်မာ့ပဋိပက္ခ၌ အာဆီယံက ဓားစာခံ ဖြစ်လိမ့်မည် မဟုတ်ဟု အင်ဒိုနီးရှား သမ္မတ ပြော

By The Straits Times
08 September 2023
မြန်မာ့ပဋိပက္ခ၌ အာဆီယံက ဓားစာခံ ဖြစ်လိမ့်မည် မဟုတ်ဟု အင်ဒိုနီးရှား သမ္မတ ပြော
Photo-EPA

မြန်မာ့ပဋိပက္ခအားဖြင့် အာဆီယံသည် “ဓားစာခံ ဖြစ်လိမ့်မည် မဟုတ်”ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကြာသပတေးနေ့တွင် ပြောပြီး မြင့်တက်နေသော ပထဝီနိုင်ငံရေး တင်းမာမှုများကြား “ယှဉ်ပြိုင်မှု လှိုင်းလုံးများနောက်” မျောပါမသွားရန်လည်း ခေါင်းဆောင်များကို တိုက်တွန်းသည်။

“ကျွန်တော်တို့တွေ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်၊ မြန်မာ့အရေးကြောင့် အာဆီယံကတော့ ဓားစာခံ အဖြစ်ခံမှာ မဟုတ်ဘူး၊ အာဆီယံဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ချမ်းသာဝပြောရေးကို ဆက်လက်ပြီး ဖန်တီးသွားမှာ ဖြစ်တယ်”ဟု အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ကျင်းပခဲ့သော ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံက ရေရှည်ဖြစ်ပွားနေသော ပဋိပက္ခအား ရင်ဆိုင်ဖြေရှင်းနေရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအား ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းချိန်မှစပြီး အကျပ်အတည်းအတွင်း ကျရောက်လျက် ရှိသည်။

မြန်မာနိုင်ငံက အကျပ်အတည်းအား ဖြေရှင်းရေး၌ အာဆီယံအတွက် အဓိက လက်ကိုင်ပြုရာ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီးနောက်တွင် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်သို့ အလွတ်သဘော “နိုင်ငံရေးဦးဆောင်ဦးရွက် သုံးဦးတွဲဖက်အဖွဲ့ ချည်းကပ်မှု” ဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက မူကြမ်းချမှတ်ခဲ့သည်။

အဆိုပါ ချည်းကပ်မှုအားဖြင့် တာဝန်ယူဆဲ အာဆီယံဥက္ကဋ္ဌကို ယခင်နှင့် လာမည့် အာဆီယံဥက္ကဋ္ဌများက ဆက်လက်ထောက်ပံ့သွားရမည် ဖြစ်သည်။ ယင်းသို့ သုံးဦးဆိုင် ချည်းကပ်မှုမှာ မြန်မာနိုင်ငံက အခြေအနေများက တနှစ်တာ အချိန်ဘောင်အတွင်း ပြောင်းလဲလိမ့်မည်မဟုတ်ဟု ယူဆ၍ ချမှတ်ခြင်းပဲ ဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာလက်နက်ကိုင်တပ်များကို “အဓိကထားပြီး” ရန်လိုမှုများ အဆုံးသတ်ရန်လည်း တိုက်တွန်းခဲ့သည်။

အင်ဒိုနီးရှား၏ ဥက္ကဋ္ဌ တာဝန်ယူမှုအောက်တွင် အာဆီယံသည် မြန်မာနိုင်ငံက အဓိကသက်ဆိုင်သူ ၇၀ နှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ် ချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်ထားကာ ၎င်းတို့ကြားတွင် ယုံကြည်မှု စတင်ပေါ်ထွက်နေပြီ ဖြစ်ကြောင်း ဝီဒိုဒိုက ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် အချိန်ယူရမည် ဖြစ်သော်လည်း “မိမိတို့က ဆက်လက်ဆောင်ရွက်သွားမည်” ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required