မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်

မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဥက္ကဋ္ဌတွေ သုံးပွင့်ဆိုင် ချိတ်ဆက်ပြီး မြန်မာ့အရေးကို ကိုင်တွယ်မယ့် အစီအမံတစ်ခု (Troika Model)ပုံစံကို ကျင့်သုံးသွားဖို့ အဖွဲ့ဝင် နိုင်ငံတွေက သဘောတူညီလိုက်ပါတယ်။

မြန်မာ့အရေးကို အာဆီယံဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှု တစ်ခုအနေနဲ့ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ထူထောင်ဖြေရှင်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး ရတ်နို မာဆူဒီက က ပြောလာတာပါ။

မြန်မာ့အခြေအနေကို ၁ နှစ်အတွင်းပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်တာကြောင့် မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ် လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ၂၀၂၆ ခုနှစ်၊ အာဆီယံ ဥက္ကဋ္ဌနေရာ ဆက်ခံခွင့်ကနေ ဖယ်ရှားဖို့ သဘောတူခဲ့တဲ့အပြင် အခုလို သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှု ပုံစံကိုပါ ပျိုးထောင် ကျင့်သုံးဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သုံးပွင့်ဆိုင် အစီအမံ ကိစ္စနဲ့ မြန်မာကို အာဆီယံ ဥက္ကဋ္ဌ နေရာမပေးဖို့ ဆုံးဖြတ်လိုက်တာတွေဟာ မြန်မာ့ အကြပ်အတည်းနဲ့ ပတ်သက်ရင် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ပိုပြီး ညီညီညွတ်ညွတ် လုပ်ဆောင်လာနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံမှုပေါင်း ၁၄၀ ကျော် လုပ်ထားခဲ့တယ်လို့ သမ္မတ ဝီဒိုဒိုကိုယ်တိုင် ထုတ်ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

လက်ရှိ အာဆီယံဥက္ကဌသစ်ဟာ လာအိုနိုင်ငံဖြစ်ပြီးတော့ လာအိုဟာတရုတ်နိုင်ငံရဲ့ သြဇာခံနိုင်ငံမျိုးဖြစ်နေတဲ့အပြင် ၊အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကိုထိတွေဆက်ဆံမှုပြုလုပ်နေပါတယ် ။ဒါကြောင့် အခု Troika Model နဲ့ချဉ်းကပ်မယ့်ပုံစံကြောင့် လာအိုဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားချိန်မှာ မြန်မာအရေူအထူး ကိုယ်စားလှယ်ခန့်အပ်တာအပါအဝင် မြန်မာအရေး ချဉ်းကပ်လုပ်ဆောင်မှုတွေမှာ တစ်နိုင်ငံတည်းဆုံးဖြတ်လုပ်ကိုင်လို့မရတော့ဘဲ အာဆီယံ ဥက္ကဋ္ဌဟောင်း ၊လာမယ့် ဥက္ကဋ္ဌ နိုင်ငံတွေနဲ့ပါညှိနှိုင်းဆောင်ရွက်ရတော့မယ့်ပုံစံဖြစ်လာတယ်လို့ အာဆီယံအရေးလေ့လာသူအချို့က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီ ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာမှု၊ လက်တွေ့ အကောင်အထည်ဖော်မှု လုံးဝ မရှိဘဲ မျက်ကွယ် ပြုထားတဲ့နောက် အာဆီယံက အဖွဲ့ရဲ့ ဆွေးနွေးပွဲ အစီအစဉ်တွေ၊ ညီလာခံတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ပြီး တုံ့ပြန်ထားခဲ့ပါတယ်။

စစ်ကောင်စီကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်တွေနဲ့ အခြေခံမူ တွေကို တိကျစွာ လေးစားလိုက်နာပြီး အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly