အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိ

By Independent 
07 September 2023
အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိ
Photo-EPA

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်များသည် တောင်တရုတ်ပင်လယ်နှင့် ပဋိပက္ခဒဏ်သင့် မြန်မာတို့အပါအဝင် ဒေသတွင်း အဓိကပြဿနာများနှင့် ပတ်သက်ပြီး အများဆန္ဒညီမှုဆီ ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။ 

မြန်မာအာဏာသိမ်း စစ်ကောင်စီက အငြင်းပွားဖွယ် ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်အား အကောင်အထည်ဖော်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် “သင်္ကြန်အမြောက်” အဖြစ် အာဆီယံအဖွဲ့အား ဝေဖန်သူများက ရှုတ်ချခြင်းများလည်း ရှိထားသည်။ 

စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဂျကာတာ၌ ကျင်းပသည့် သုံးရက်တာ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ကောင်စီအား အကြမ်းဖက်မှုများ လျှော့ချရန်၊ လူနေအိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးကဲ့သို့ အများပိုင်အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းထားသည့် အချက် ၁၉ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

“မြန်မာမှာ အကြမ်းဖက်မှု လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေတာအတွက် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်”ဟု အာဆီယံက ဆိုသည်။ 

အာဆီယံသည် အဖွဲ့ဝင် တနိုင်ငံ၏ ပြည်တွင်းရေးကို ကျန်သူများက မစွက်ဖက်ရေး မူဘောင်အောက်၌ ဆယ်စုနှစ်များစွာ ရှိနေခဲ့ရာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား အဆင့်မြင့်အစည်းအဝေးများမှ တားမြစ်ခြင်းထက် ပိုလွန်၍ ဖိအားပေးနိုင်ရေးတွင် အခက်အခဲ ကြုံနေတော့သည်။ 

အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မယူကြောင်း မြန်မာက အင်္ဂါနေ့တွင် ကြေညာ၍ ဖိလစ်ပိုင်က တာဝန်ယူရမည် ဖြစ်သည်။ 

ဒေသတွင်း “ငြိမ်းချမ်းရေးနှင့် ချမ်းသာဝပြောရေး” အတွက် စည်းလုံးညီညွတ်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းသော်လည်း မြန်မာနှင့် ပတ်သက်သော ငြိမ်းချမ်းရေးအစီအစဉ်မှာ အကျပ်ရိုက်နေဆဲဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။ 

“ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးမှာ သိသာတဲ့ တိုးတက်မှု မရှိဘူးလို့ ကောက်ချက်ချရတယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောသည်။ 

အာဆီယံ ဥက္ကဋ္ဌဟောင်းနှင့် နောင်လာမည့် ဥက္ကဋ္ဌသစ်များ ထောက်ခံမည့်ဖြစ်သည့် အလွတ်သဘော “သုံးပွင့်ဆိုင်” အဖွဲ့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကို ချည်းကပ်သွားရေးကို အဖွဲ့ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း ဝန်ကြီးက ပြောသည်။ 

“မြန်မာနိုင်ငံ အခြေအနေဟာ တနှစ်လောက်အတွင်းမှာ မပြောင်းလဲနိုင်ဘူးဆိုတာ အားလုံးက နားလည်တာကြောင့် ဒီ အရေးကို စဉ်ဆက်မပြတ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းရတာ ဖြစ်တယ်”ဟု ရတ်နိုက ထပ်လောင်းပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required