စစ်တပ်အတွင်း အတင်းအကျပ် စေခိုင်းခြင်းများ ရပ်တန့်ရန် စစ်ကောင်စီကို ILO တိုက်တွန်း

By TRT World
05 October 2023
စစ်တပ်အတွင်း အတင်းအကျပ် စေခိုင်းခြင်းများ ရပ်တန့်ရန် စစ်ကောင်စီကို ILO တိုက်တွန်း
Photo-AFP

မြန်မာနိုင်ငံအား ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုတရပ်တွင် စစ်တပ်အတွင်း အတင်းအကျပ် စေခိုင်းခြင်းများ ရပ်တန့်ရန်နှင့် ကုန်သွယ်ရေးသမဂ္ဂများအပေါ် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန် မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းထားသည်။

အာဏာသိမ်းနောက်ပိုင်း နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းများကို လိုက်နာရန် ဆိုးဆိုးဝါးဝါး ပျက်ကွက်သည်ဆိုသော စွဲဆိုချက်များအပေါ် ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ILO သည် ၁၉၁၉ ခုနှစ် စတင်တည်ထောင်ချိန်မှစပြီး ယခင် ဖြစ်စဉ်ဖြစ်ရပ် ၁၃ ၌ အထူးစုံစမ်းစစ်ဆေးမှုကိုသာ လုပ်ဆောင်ထားဖူးခြင်း ဖြစ်သည်။

မြန်မာစစ်ကောင်စီသည် အခြေခံ အရပ်သားလွတ်လပ်ခွင့်များနှင့် ကုန်သွယ်ရေး သမဂ္ဂ အခွင့်အလမ်းများအပေါ် ကျယ်ပြန့်သော ကန့်သတ်ခြင်းများ ချမှတ်ထားသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ကောက်ချက်ချသည်။

ထိုပြင် မြန်မာစစ်တပ်သည် ပုံစံမျိုးစုံဖြင့် အတင်းအကျပ် စေခိုင်းခြင်းများကို လုပ်ဆောင်သည်ဟုလည်း တွေ့ရှိသည်။

“ကုန်သွယ်ရေး သမဂ္ဂများအပေါ် အကြမ်းဖက်မှု၊ နှိပ်စက်ညှင်းပန်းမှုနှင့် အခြား လူမဆန်သည့် ဆက်ဆံမှု ပုံစံအားလုံးနှင့် အတင်းအကျပ် စေခိုင်းခြင်း ပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန်” ကော်မရှင်က မြန်မာစစ်တပ်အာဏာပိုင်များကို တိုက်တွန်းထားသည်။

အတင်းအကျပ် စေခိုင်းခြင်းနှင့် ပတ်သက်သော သဘောတူညီချက်များကို ထူးခြားဆိုးဝါးစွာ ချိုးဖောက်နေခြင်းများ ရပ်တန့်ရန်၊ အသင်းအဖွဲ့ လွတ်လပ်ခွင့်များကို ချိုးဖောက်နေခြင်းနှင့် နောက်ထပ် နိုင်ထက်စီးနင်း ပြုကျင့်မှုများကို တားဆီးရေးတို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ရန် ကော်မရှင်က စစ်ကောင်စီကို တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ အုပ်ချုပ်မှုသည် အခြေခံ အရပ်သား လွတ်လပ်ခွင့်များအပေါ် ဆိုးဝါးစွာ သက်ရောက်လျက်ရှိသည်ကိုလည်း ကော်မရှင်က တွေ့ရှိခဲ့သည်။

“ကုန်သွယ်ရေးသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေဟာ အသတ်ခံရတယ်၊ ထင်ရာစိုင်း ဖမ်းဆီးခံရတယ်၊ အတုအယောင် တရားစီရင်မှုနဲ့ ဖမ်းဆီးပြီး နိုင့်ထက်စီးနင်း ပြုကျင့်သလို နှိပ်စက်ညှင်းပန်းခံရတယ်၊ ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာနဲ့ ထောက်လှမ်းစောင့်ကြည့်တာတွေအပြင် ပြည်ပကို ထွက်ပြေးစေတဲ့အထိ ဖြစ်စေတယ်”ဟု ကော်မရှင်က ပြောသည်။

“စစ်တပ်၏ လုပ်ကိုင်ဆောင်ရွက်မှုများတွင် အတင်းအကျပ် စေခိုင်းသည့် ပုံစံမျိုးစုံဖြင့် မြန်မာစစ်တပ်က ဒေသခံများအား စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြောင်း”လည်း တွေ့ရှိထားသည်။

ထိုသို့သော အတင်းအကျပ် စေခိုင်းမှုများတွင် ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းနှင့် လူသားဒိုင်း ပြုလုပ်ခြင်းတို့အပြင် စစ်စခန်းများအတွက် မြေရှင်းခြင်း၊ ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများတွင်ပါ အတင်းအကျပ် စေခိုင်းနေခြင်းဖြစ်သည်ဟု ကော်မရှင်က ဖော်ပြထားသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို လက်ခံသလားနှင့် ထိုသို့မှ မဟုတ်ပါက ယင်းအရေးကို နိုင်ငံတကာ တရားရုံးသို့ လျှောက်ထားမည်လားဆိုသည်ကို ပြောရန် မြန်မာနိုင်ငံအနေဖြင့် အချိန် သုံးလ ရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly