မြန်မာဆီ လိင်ကုန်ကူးခံရသည့် ထိုင်းအမျိုးသမီးကို ကယ်တင်

By Bangkok Post
02 September 2023
မြန်မာဆီ လိင်ကုန်ကူးခံရသည့် ထိုင်းအမျိုးသမီးကို ကယ်တင်

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသည့် ဘေးအန္တရာယ်အတွင်း ကျရောက်ခဲ့သော ဥဒုံဌာနီမှ အမျိုးသမီးတဦးကို ချင်းရိုင်ရှိ အာဏာပိုင်များက ကယ်ဆယ်ခဲ့ရသည်။

နမ်းဟုသာ သိရသော အသက် ၂၉ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ရှမ်းပြည်နယ်က call centre အလုပ်သမားများကို လိင်ဝန်ဆောင်မှု ပေးရန် တရုတ်အော်ပရေတာများ၏ လိမ်လည်လှည့်ဖျား ခေါ်ဆောင်ခြင်း ခံရခြင်း ဖြစ်သည်။

ယင်း အမှုကို Ninja Today ဖေ့ဘုတ်ပေ့ချ်၌ အရပ်သားဂျာနယ်လစ်တဦးက ဖော်ထုတ်ရာမှ ချင်းရိုင်ရဲဌာနှင့် လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနတို့က အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးမှုနှင့် ဆက်ဆံသော သတင်းအချက်အလက် မျှဝေရေး ဒေသတွင်း စနစ်ဖြစ်သည့် National Referral Mechanism ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံက တရုတ်တို့ လုပ်ကိုင်နေသော call centre ရောက် အဆိုပါ အမျိုးသမီးကို ခြေရာကောက်နိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က နမ်းသည် နိုင်ငံရင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုနှစ် မေလအတွင်း၌ သူသည် ဘန်ကောက်ရှိ စားသောက်ဆိုင်တဆိုင်တွင် လုပ်ကိုင်နေခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း အချိန်၌ TikTok အအသုံးပြုတဦးက သူ့ဆီ ချည်းကပ်လာခဲ့ပြီး ရှမ်းပြည်နယ်က နေရာတနေရာတွင် “ဖောက်သည်ဝန်ဆောင်မှု” အလုပ်လုပ်ရမည်ဟု ဖြားယောင်းခဲ့ကြောင်း နမ်းက သတင်းထောက်များအား ပြောသည်။

ယင်းသို့ လုပ်ကိုင်ရာတွင် တနေ့လျှင် တရုတ်ယွမ်ငွေ ၉၀၀ (ဘတ်ငွေ ၄,၃၀၀ ) နေ့စဉ်ရမည်ဖြစ်ပြီး ကုန်ကျစရိတ် ယွမ် ၄၅၀ ဖြတ်တောက်မည်ဟု ကမ်းလှမ်းခံရကာ သူက အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးမှ နောက်ဆုံးတွင် မဝံ့မရဲဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။

နမ်းသည် နောက်ဆုံး၌ ချင်းရိုင်သို့ ရောက်ရှိကာ ဒေသခံ လူကုန်ကူးသူများ အကူအညီဖြင့် မယ်ဆိုင်မှ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အခါ သံဆူးကြိုးများ ခတ်ထားသော နှစ်ထပ် အဆောက်အအုံတလုံးသို့ ပို့ဆောင်ခံရပြီး တရုတ်နိုင်ငံသား အများစုကို လိင်ဝန်ဆောင်မှု ပေးရခြင်း ဖြစ်သည်။ ထို လိင်ဝန်ဆောင်မှု ပေးရသူများမှာလည်း လုပ်ငန်းအတွင်း လုပ်ကိုင်ရန် နမ်းကဲ့သို့ပင် လိမ်လည်ဖြားယောင်းသူများပဲ ဖြစ်ကြသည်။

နမ်းအား တရုတ်လို ရေးသားထားသည့် စာချုပ်၌ အတင်းအကျပ် လက်မှတ်ထိုးစေခဲ့ပြီး ခြောက်လ မဖြစ်မနေ လုပ်ကိုင်ရမည်ဟု ပြောဆိုခံရဿည်။ စာချုပ်တွင် လက်မှတ်ထိုးရန် အစပိုင်း ငြင်းဆန်သည့်အခါ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရသည်။

လိင်ဝန်ဆောင်မှု ပေးရန် ငြင်းသည့်အခါများတွင်လည်း လက်ထိပ်ခတ် အချုပ်ချခံရမည် ဖြစ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းအပြင် သုံးရက်အထိ အစာငတ်ထားခြင်းများ ရှိသည်။

Ninja Today ဖေ့ဘုတ်ပေ့ချ်နှင့် ဆက်သွယ်မှု ရသည့်နောက်၌ အာဏာပိုင်များကပါ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နမ်းအား ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်။

နမ်းက အခြားသော ထိုင်းလူမျိုးများအား နိုင်ငံခြားတွင် လစာများသည့် အလုပ် ရမည်ဆိုခြင်းဖြင့် သားကောင်ဘဝ ကျရောက်နိုင်ကြောင်းကို မီဒီယာသို့ ပြောရာ၌ သတိပေး ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly