DPLF က ပြည်သူကိုထိခိုက်မည်စိုး၍ ဖျက်သိမ်းခဲ့ရသည့် စစ်ဆင်ရေးအစီအစဉ်များရှိဟုဆို

By ရောင်နီ (မဇ္စျိမ)
24 October 2023
DPLF က ပြည်သူကိုထိခိုက်မည်စိုး၍ ဖျက်သိမ်းခဲ့ရသည့် စစ်ဆင်ရေးအစီအစဉ်များရှိဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front (DPLF) ကို ဇူလိုင်လ ၂၉ ရက်နေ့ကဖွဲ့စည်းခဲ့ပြီး နှစ်လ ကျော်ကာလအတွင်း တိုက်ခိုက်မှုရှစ်ကြိမ်ပြုလုပ်ခဲ့ရာ သုံးကြိမ်မှာဖျက်သိမ်းခဲ့ရကြောင်း DPLF တပ်ဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင် ဌာနဆိုင်ရာများအား တိုက်ခိုက်ရာတွင် ပြည်သူများထိခိုက် မည်ကိုစိုးရိမ်သည့်အတွက် ဖျက်သိမ်းခဲ့ရသည့် အစီအစဉ်များရှိခဲ့ကြောင်း(DPLF)တာဝန်ရှိသူက မဇ္စျိမကို ပြော သည်။  
 
“နှစ်လကျော်ကာလအတွင်း မစ်ရှင် ရှစ်ခုလုပ်တယ်။ အဲဒီထဲက သုံးနေရာမှာ ဖျက်သိမ်းခဲ့ရတယ်။ ပြည်သူ တွေ အသွားအလာတအားများတော့ အဆင်မပြေလို့ မစ်ရှင်မလုပ်ရတာပါ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် အစီအစဉ်အချို့တွင် ပြည်သူများကိုထိခိုက်မည်စိုး၍ မဖောက်ခွဲလိုက်သည့် မိုင်းများသိမ်းဆည်းခံရ ခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ဖမ်းဆီးခံရခြင်းများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“အန္တရာယ်ကြားကလုပ်ရတာဆိုတော့ ပထမဆုံး ရဲဘော်တွေရဲ့အသက် ရင်းရတယ်၊ ပြီးရင် ပစ္စည်းရဲ့ တန်ဖိုး၊ သွားလာတဲ့စရိတ်၊ ပြီးရင် အချိန် တခါတလေဆို အကြာကြီးစောင့်ရတာရှိတယ်။ မစ်ရှင်သာ မလုပ် လိုက်ရတာ အဖမ်းခံရတဲ့ ရဲဘော်တွေလည်း ကြုံခဲ့ရတယ်။ ” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်ရန်စီစဥ်မှုအချို့တွင်လည်း  ပြည်သူများနှင့် စစ်ကောင်စီ ထောက်တိုင် ဝန်ထမ်းများ ရောထွေးသွားလာမှုများကြောင့် ပြည်သူများ ထိခိုက်မှုရှိမည်ကို စိုးရိမ်သည့် အတွက် ဖျက်သိမ်းလိုက်ရသည်များလည်းရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူအများစုသည် စစ်အာဏာရှင်တော်လှန်ရေးကို ထောက်ခံအားပေးကြ သော်လည်း စစ်ကောင်စီတပ်၏ ဖိနှိပ်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့ကြကြောင်း DPLF တပ်ဖွဲ့ တာဝန်ရှိသူ က ဆိုသည်။

ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုအားနည်းကာ မဆိုင်သလို နေထိုင်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများတွင် အခက်အခဲများ  ကြုံနေရကြောင်း DPLF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ပူးပေါင်းမှုအရမ်းအားနည်းတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးစေချင်တယ်။ ဓနုဒေသမှာဆိုရင်လည်း ကျွန်တော်တို့တပ်ဖွဲ့ စတင်တဲ့အချိန်ကနေ အခုအထိ ကူညီတဲ့သူက လက်ချိုးရေလို့ရတဲ့ အနေအထား  အထိရတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့ရုန်းကန်ခဲ့ရပါတယ်”ဟု DPLF တပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။

လက်ရှိ ပြုလုပ်နေသည့် DPLF တပ်ဖွဲ့၏ “ဓနုအိပ်မက်ဖော်ဆောင်ဖို့ စပ်သီးတောင့်များဝိုင်းကူစို့” ဆိုသည့် ကမ်းပိန်းတွင်လည်း အချိန်ခြောက်ရက်ကြာလာသည့်တိုင် ကမ်းပိန်း၏ သုံးရာခိုင်နှုန်းသာ ရရှိသေး ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့နယ်များတွင် ယခုနှစ်ဇူလိုင်လမှစတင်ပြီး  ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ပြန် လည်အားကောင်းလာခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ကြီးခရိုင်ရဲမှူး လိုက် ပါစီးနင်းလာသည့်ယာဥ်တန်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)က  မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ကလည်း အဆိုပါ မြို့နယ်များအတွင်း လုံခြုံရေးအင်အား တိုးမြင့်ချထားကာ  စစ်ဆေးမှု များ တင်းကြပ်နေသလို၊ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly