တမူးတွင်ကာကွယ်ရေးအဖွဲ့ထိန်းချုပ်နယ်မြေမှ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

By ပါခွီး (မဇ္စျိမ)
24 October 2023
တမူးတွင်ကာကွယ်ရေးအဖွဲ့ထိန်းချုပ်နယ်မြေမှ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး
ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် (Photo-NLA)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသောနယ်မြေ မှ ဒေသခံများကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)မှ ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

ထိန်ချုပ်နယ်မြေအတွင်း ကျေးရွာအချို့မှ  ဒေသခံများကို ယမန်နေ့ အောက်တိုဘာလ ၂၃ရက်မှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေသည်ဟု NLA တာဝန်ရှိသူကပြောသည်။

 “ဒေသခံတွေကဆေးရုံဆေးခန်းတွေ သွားမပြနိုင်တဲ့အတွက် ကျေးဇူးတင်ဝမ်းသာကြတယ်။  နောက်လည်း လာရောက် ကြည့်ရှုပေးဖို့ လည်းပြောကြတယ်” ဟု ၎င်းက ပြောသည်။

ယမ‌န်နေ့က လူဦးရေ ၅၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး အများစုသည် အမျိုးသမီးကျန်းမာရေးဆိုင်ရာရောဂါများ၊ မျက်‌စေ့နှင့်အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းမှာ ပြည်သူ့အကျိုးဆောင်၍ တော်လှန်ရေးကို နည်းလမ်းမှန်နှင့်လျောက်လှမ်းလိုသဖြင့် တပ်ဖွဲ့ဝင်များ၏ ရိက္ခာဖိုးနှင့် အသုံးအစွဲများလျော့ချပြီးပြုလုပ်ခဲ့ခြင်းဟု NLA ကဆိုသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် လူထုလက်နက်ကိုင်တော်လှန်ရေး‌အားကောင်းခဲ့သည့် တမူးမြို့နယ်၌ ယခုအခါ စစ်ကောင်စီယန္တရား အပြည့်အဝမလည်ပတ်တော့ဘဲ မြို့ပေါ်များမှလွဲ၍ ကျန်ဒေသများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်-NLA သည် မူလကစစ်ကိုင်းတိုင်း၊ တမူး- ကဘော်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃)အဖြစ် ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် NLA အဖြစ် ပြောင်းလဲခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ၊ဒေသကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူစစ်အာဏာရှင်ပြုတ်ကျသည်အထိ  တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly