ကံတင်ဘီးလင်းဆည်ဘောင်က အိမ်ခြေ ၃၀၀ကျော် ဖယ်‌‌ပေးရန် စစ်ကောင်စီ ဖိအားပေး

By ရွှေနွယ်( မဇ္ဈိမ )
24 October 2023
ကံတင်ဘီးလင်းဆည်ဘောင်က အိမ်ခြေ ၃၀၀ကျော် ဖယ်‌‌ပေးရန် စစ်ကောင်စီ ဖိအားပေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကံတင်ဘီးလင်းဆည်‌ ဘောင်ပေါ်တွင် နေထိုင်ကြသည့် အိမ်ခြေ ၃၀၀ကျော်မှ မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့က နေရာမှထွက်ခွာပေးရန် ဖိအားပေးခြိမ်းခြောက်သွားသည်ဟု ဒေသခံထံက သိရသည်။

“ဆည်ကအိမ်တွေကို မီးရှို့မယ်ပြောနေတာ။ ဆည်ဘောင်ပေါ်မှာမနေဖို့လည်း ခြိမ်းခြောက်ပြောနေတာ။ စက်လှေတွေကို သိမ်းသွားတယ်။ သုံးလို့မရတဲ့စက်လှေတွေကို ဖျက်ဆီးသွားတာရှိပါတယ်”ဟု ဒေသခံကပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က မင်းလှမြို့ ခြေလျင်တပ်ရင်း ခလရ(၁)မှ စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ ဒေသခံများ၏ စက်လှေများကို ယူဆောင်သွားကြသည့်အပြင် ဆည်အတွင်းမှ ချက်ချင်းထွက်ခွာသွားကြရန်ကိုလည်း ပြောဆိုသွားသည်ဟု ဒေသခံထံက သိရသည်။

“၂၀၁၀ ခုနှစ်နောက်ပိုင်း ကတည်းက တစတစနဲ့နေထိုင်လာကြတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ ရွာရယ်လို့ ပြည်ထဲရေးအမည်ပေါက်မဟုတ်ပါဘူး။ အနားကရွာနဲ့ နဲနဲတော့လှမ်းတယ်” ဟုဒေသခံကပြောသည်။

ကံတင်ဘီးလင်းဆည်ကို အမှီပြုနေထိုင်ကြသူများသည် ယင်းဆည်အနီးရှိ ကျောင်းရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်အောက်တွင် နေထိုင်ကြသူများဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

အဆိုပါ ဆည်ဘောင်ပေါ်တွင် နေထိုင်ကြသူများသည် စစ်ကောင်စီတပ်ဖွဲ့က ရွှေ့ပြောင်းရန်ပြောဆိုသွားပြီးနောက် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့အထိ ရွှေ့ပြောင်းနေကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly