ဖြူးမြို့ အုတ်ဖြတ်တံတားတွင် တပ်စွဲနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

By ရွှေနွယ်(မဇ္ဈိမ)
21 October 2023
ဖြူးမြို့ အုတ်ဖြတ်တံတားတွင် တပ်စွဲနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ပုံအညွှန်း - စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ အုတ်ဖြတ်ကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတားတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့အား ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတားတွင် စစ်ကောင်စီတပ်ဖွဲ့က အခိုင်အမာတပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ ညနေပိုင်းတွင်မူ စစ်အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာသောကြောင့် သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“သူတို့ဘက်က တပ်လှုပ်တွေ အဖြည့်တွေနဲ့ တပ်ချိန်းတွေ လုပ်ပုံရပါတယ်။ လောလောဆယ် အုတ်ဖြတ်ကတပ်ချိန်းတဲ့အနေအထားပါ” ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်းကို မြေပြင်သတင်းအချက်အလက်အရ အတည်ပြုနိုင်သည်ဟုလည်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင်မူ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူအချို့အား ဖြူးမြို့ဘက်သို့ ပြန်လည်သယ်ဆောင်ကာ တပ်ဆုတ်သွားသည့် အင်အားအချို့လည်းရှိကြောင်း ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့ ကလည်း ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာအတွင်းသို့  အင်အား ၄၀ ခန့်ဖြင့် တပ်စွဲဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့အား ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ဒဏ်ရာရှိမှုများရှိကြောင်း မြေပြင်သတင်းအချက်အလက်များအရ အတည်ပြုနိုင်သည်ဟု အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly