ညောင်လေးပင်တွင် ရဲ၊ မီးသတ်နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းပြုလုပ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဟုဆို

By YT(မဇ္ဈိမ)
01 October 2023
ညောင်လေးပင်တွင် ရဲ၊ မီးသတ်နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းပြုလုပ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဟုဆို
ပုံအညွှန်း- အောက်တိုဘာလ ၁ ရက်နေ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်း၏ ယူနီဖောင်းဝတ်စုံတစ်စုံ(ဓါတ်ပုံ-CJ)

ပဲခူးတိုင်း၊ ညောင်လေးပင် မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ  စစ်ကြောင်းထိုးနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

"ရဲ၊မီးသတ်၊ပျူစောထီးတွေကို အရှေ့ကနေတက်ခိုင်းတာ။ စစ်‌ကောင်စီတပ်ဖွဲ့က အနောက်က နေနေတာ ။အဓိကပြောချင်တာတော့ စစ်ပညာ ဘာတခုမှ မသိနားမလည်တဲ့ လူတွေ၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ လူတွေကို အသုံးချနေတာပေါ့" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂၇ ရက်မှစ၍ စက်တင်ဘာလ ၂၉ ရက် ညပိုင်းအထိ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ စုစုပေါင်း အင်အား ၁၅၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု Spring Warriors Column က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅၀ ဦး သေဆုံးခဲ့ကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"မိုင်းကွင်းထဲ သူတို့ဝင်လာတာကို စောင့်ကြိုမိုင်းဆွဲတာ။ မျက်နှာချင်းဆိုင်မီတာ ၅၀အတွင်းမှာလည်း ပစ်ကျတာဆိုတော့ အထိခိုက်အကျဆုံးကိုမြင်နေရတယ်။ စကစ(စစ်ကောင်စီတပ်ဖွဲ့)က ဒဏ်ရာရလူတွေတောင် ပြန်မသယ်ဘဲ ဒီအတိုင်းပစ်ထားခဲ့တာ သေဆုံးတွေရဲ့ရုပ်အလောင်းတွေကို ပြန်မယူသွားဘဲ သေနတ်တွေသာ ပြန်ကောက်သွားတယ်”ဟု တိုက်ပွဲဖြစ်ပွါးသည့် အခြေအနေနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဘက်တွင် စုစုပေါင်း ၅၀ ဦးခန့် သေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ၊ ဆိုင်ကယ်နှစ်စီးနှင့် စကားပြောစက်တလုံး ဆုံးရှုံးခဲ့ရကြောင်း Spring Warriors Column အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ပုဇွန်မြောင်းကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပုဇွန်မြောင်းကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် သံဃာတော်တစ်ပါးအား သတ်ဖြတ်ခဲ့ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။

"ဆရာတော်က ဘုန်းကြီးကျောင်းမှာ ကျောင်းစောင့်သဘောမျိုးပေါ့ ကျန်နေတာ၊ နောက်ပြီးရွာသားနှစ်ယောက်ကလည်း မပြေးဘူး။အိမ်ကိုစိတ်မချလို့ဖြစ်မယ်။ ကျန်နေတော့ သူတို့ဝင်ရှင်းရင်းနဲ့တွေ့ပြီး ပစ်သတ်သွားတာ။ တခြားဖမ်းဆီးခံထားရတဲ့သူတွေတော့ မရှိဘူး" ဟု ၎င်းကပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာသို့ စစ်ကူများလည်း ထပ်မံရောက်ရှိလာကာ ယနေ့ အောက်တိုဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း မြေပြင်ရဲဘော်တစ်ဦးထံက သိရသည်။

"ပုဇွန်မြောင်းရွာအလယ်က စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပါတယ်။ အခုဖြေကြားချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပါ။ အခုချိန်ထိ စကစဘက်ကနေ ရွှေကျင်၊မဒေါက်ဘက်ကရော ညောင်လေးပင်ဘက်ကပါ တပ်အင်အားတွေဖြည့်နေတယ်" ဟု ၎င်းက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦး ထိခိုက်သေဆုံးထားပြီး လမ်းဖြတ်ရန်လာသော စစ်ကောင်စီတပ်၏ ဘက်ဟိုးတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly